ပရီးမီးယားလိဂ် ပြန်လာမယ့် ဆိုးရှား၊ ရိုးမား လင်ဒီလော့ဖ်ကို ချိန်လာခြင်း၊ အန်တိုနီ၊ ဘယ်လင်ဟမ်တို့နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ယူနိုက်တက် နည်းပြဟောင်း အိုလေဂန်နာ ဆိုးရှားဟာ လစ်လပ်နေတဲ့ ဘရိုက်တန်အသင်း မန်နေဂျာ ရာထူး အတွက် ဆွေးနွေးနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ နော်ဝေသား နည်းပြဟာ ပရီးမီးယားလိဂ် ပြန်လာဖို့ လမ်းဖွင့်ထားပြီး ဘရိုက်တန်အသင်းကလည်း အဘက်ဘက်ကနေ စဉ်းစား ညှိနှိုင်းနေပါတယ်။

အန်တိုနီ ဟာ သူ့ရဲ့ အိုင်ဒေါလ် ဖြစ်တဲ့ စီ ရော်နယ်ဒိုနဲ့ အတူ ဘေးက တွဲကာ ယူနိုက်တက် ထရိန်နင်မှာ လေ့ကျင့်နေကြောင်း ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ် ကို ချယ်ဆီးကလည်း ပါဝင် ကြိုးစားတော့မှာ ဖြစ်ပါတယ်။

နည်းပြ မော်ရင်ညိုရဲ့ ရိုးမားအသင်းဟာ လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှုး ဗစ်တာ လင်ဒီလော့ဖ် ကို ခေါ်ယူဖို့ ပစ်မှတ်စာရင်း သွင်းထားကြောင်း အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။

PSV တောင်ပံတိုက်စစ်သမား ကုတ်ဒီ ဂတ်ပို က မန်ချက်စတာ ယူနိုက်တက်ထံ ပြီးခဲ့တဲ့နွေက အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာ အတွက် စိတ်ပျက်မိကြောင်း ဖွင့်ဟလာခဲ့ပြီးနောက် အသင်း အကြီးအကဲတွေကတော့ သြဂုတ်လလယ်ထိ ယူနိုက်တက် ထံက ကမ်းလှမ်းမှု မရခဲ့ကြောင်းနဲ့ နောက်ဆုံးအချိန်မှ လက်မလွှတ်လိုခဲ့ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂတ်ပို အစား အေဂျက်မှ အန်တိုနီ ကို ခေါ်ယူဖြစ်ခဲ့တာပါ။

ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါ့ဘာရဲ့ အစ်ကို ဖြစ်သူဟာ သူ့ညီကို ပေါင် ၁၁ သန်း ငွေညှစ်ခဲ့မှုထဲ တရားခံ အဖြစ် ယူဆရတဲ့ ၅ ဦးထဲ ပါဝင်နေပါတယ်။