တန်ဟက်ရဲ့ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်း မှာ အကောင်းဆုံး အစွမ်းပြနေတဲ့ ကစားသမား ၄ ဦး

နည်းပြ အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ ပရီးမီးယားလိဂ် အစောပိုင်း သီတင်းပတ်တွေမှာ အခြေအနေ ဆိုးခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ပုံစံကောင်းတွေ ပြသလာပြီ ဖြစ်ပါတယ်။

နည်းပြ တန်ဟက် လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားတွေ ဖြစ်နေတဲ့ အသင်းသား ၄ ယောက်ကို Mirror သတင်း ဌာနက အခုလို ရွေးထုတ် ဖော်ပြထားပါတယ်။

ဒီယိုဂို ဒါးလော့

ဒါးလော့ဟာ နောက်ဆယ်စုနှစ်အတွင်း ယူနိုက်တက်ရဲ့ ပထမဦးစားပေး ညာနောက်ခံလူ ဖြစ်နိုင်တယ်လို့ ကလပ် နည်းပြဘဝမှာ မော်ရင်ညို ပြောခဲ့ဖူးပြီး အိုးထရက်ဖို့ဒ် ပရိသတ်တွေအနေနဲ့ ဒီရာသီမတိုင်ခင် အဲ့လို ခြေစွမ်းမျိုး မြင်တောင် မမြင်ဖူးခဲ့ဘူးလို့ ပြောလို့ရလောက်ပါတယ်။

ဒါပေမယ့် မကြာသေးမီက အပတ်တွေအတွင်း သူဟာ စွမ်းဆောင်ရည်တွေ လုံးဝပြောင်းလဲ ခဲ့ပြီး ခံစစ်ဧရိယာတွေကနေ ဘောလုံး ရှေ့ရောက်လာအောင် အကူအညီပေးခဲ့သလို စိတ်ချရတဲ့ နောက်ခံလူတစ်ယောက်လဲ ဖြစ်လာခဲ့ပါတယ်။ ဝမ် ဘစ်ဆာကာက ပထမအသင်းကြီးပုံထဲမှာ မပါဝင်တော့တာနဲ့အတူ ပေါ်တူဂီကြယ်ပွင့် ဟာ မော်ရင်ညိုရဲ့ အတွေးအခေါ်ကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်

အနီရောင် ဂျာစီနဲ့ သူ့ရဲ့ ပထမဆုံး နှစ်ပွဲကစားအပြီး ပရီးမီးယားလိဂ်မှာ မာတီနက်ဇ် တစ်ယောက် ထူးထူးချွန်ချွန် ဖြစ်မလာခဲ့ပါဘူး။ ကလပ်အတွက် ဒုတိယပွဲမှာပဲ ဘရန့်ဖိုဒ်ရဲ့ အိုင်ဗန်တိုနေးရဲ့ ခြိမ်းခြောက်ခံခဲ့ရပြီး ၄-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲအတွင်း တစ်ပိုင်းထဲနဲ့ လူစားလဲခံခဲ့ရပါတယ်။ ဒါပေမယ့် ကျရှုံးအသင်းခေါင်းဆောင် မက်ဂွဲရား ထက် ဗာရန်းနဲ့အတူ တွဲကစားပြီးနောက်ပိုင်း သူ့ရဲ့ ခြေစွမ်းတွေက လုံးဝ ပြောင်းလဲ သွားခဲ့ပါတယ်။

သူဟာ တိတ်တဆိတ်နဲ့ပဲ လိဂ်မှာ အကောင်းဆုံး ဗဟိုနောက်ခံလူတစ်ယောက် ဖြစ်လာ ခဲ့သလို ယူနိုက်တက်ဟာ သူ့ရဲ့ စိတ်ဓာတ်ပြင်းပြတဲ့ ကစားဟန်ကို သဘောကျနှစ်သက်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ အခု ပိုမိုတောင့်တင်းတဲ့ အုတ်မြစ် အပေါ်မှာ တည်ဆောက်ထားတဲ့ အသင်းတစ်သင်းဖြစ်နေတာနဲ့အတူ ဒီအတွက် မာတီနက်ဇ်ကို အများကြီး အကြွေးတင်နေပြီ ဖြစ်ပါတယ်။

ခရစ္စတီယန် အဲရစ်ဆင်

အဲရစ်ဆင်ဟာ ရိုးရိုးရှင်းရှင်းပဲ ဒီရာသီမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါ။ တန်ဟက်ရဲ့ ကောင်းမွန်တဲ့ ကစားပုံအများစုဟာ သူ့ဆီကနေ တိုက်ရိုက်လာတာဖြစ်ပြီး ကစားသမားဟာ အနောက်ကနေရော ပိုပြီး အရှေ့ကျတဲ့ နေရာတွေဆီကနေ ဖန်တီးနိုင်စွမ်း ရှိသူဖြစ်ပါတယ်။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဲရစ်ဆင်ကို ရလိုက်တာက ပါးနပ်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့ပြီး သူ့ရဲ့ အရည်အသွေးကြောင့် တန်ဟက်အနေနဲ့ သူ့ကို အနားပေးရမှာတောင် စိုးရိမ်နေပုံပါပဲ။ သူဟာ ပရီးမီးယားလိဂ်မှာ ကစားသမားအနည်းငယ်သာ လိုက် လုပ်နိုင်တဲ့ နည်းစနစ်အရည်အသွေးကို ပေးပြီး သူရောက်လာပြီးကတည်းက ယူနိုက်တက်ကို ချက်ချင်းပဲ အများကြီး ပိုကောင်းမွန်တဲ့ အသင်းဖြစ်စေခဲ့တာပါ။

စကော့ မက်တော်မီနေး

ညံ့ဖျင်းတဲ့ ရာသီအစကြောင့် အများကြီး အပုပ်ချခံခဲ့ရတဲ့ နောက်ထပ် ကစားသမားက မက်တော်မီနေး ဖြစ်ပါတယ်။ စကော့သားဟာ ကလပ်ရဲ့ မြင့်မားတဲ့ အဆင့်အတန်း ကို မမီပဲ ဘောလုံးသယ်ရာမှာ နှေးကွေးလို့ ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် ရက်သတ္တပတ်တွေ ကြာပြီးနောက်တော့ သူဟာ တန်ဟက်ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပြီး တက်ကြွလှုပ်ရှားတဲ့ ကွင်းလယ် လွှမ်းမိုးမှုထဲမှာ အကောင်းဆုံး လုပ်ပြခဲ့ပါတယ်။ သူဟာ နည်းနစ် ကြွယ်ဝသူတွေ ဖြစ်တဲ့ အဲရစ်ဆင်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်အောင် ပြီးပြည့်စုံတဲ့ အခြေခံ ဖြစ်ပေးခဲ့တာပါ။ သူ့ရဲ့ ခြေစွမ်းကောင်းမွန်မှုကြောင့် ရီးရဲလ်မက်ဒရစ် ကနေ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ ကပ်စ်မဲရိုး တောင် ပွဲထွက်စာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပထမ ၂ ပွဲ ကစားပြီးချိန်မှာ ဇယားအောက်ဆုံးကို ရောက်ခဲ့ရပေမယ့် အခုတော့ အဆင့် ၅ နေရာမှာ ရပ်တည် နေပါတယ်။ လက်ရှိ နိုင်ငံတကာ သီတင်းပတ် အပြီးမှာလည်း မန်ချက်စတာ ဒါဘီ အပါအဝင် ပွဲကောင်းတွေ နွှဲဖို့ တန်ဟက်က နိုင်ငံပွဲ မသွားရတဲ့ ကစားသမားတွေနဲ့ လေ့ကျင့် ပြင်ဆင်နေပါတယ်။