အထုတ်ခံလိုက်ရတဲ့ ချယ်ဆီး ဒါရိုက်တာ၊ ပြောင်းလာချင်တဲ့ ပါဗတ်၊ ကိန်း၊ ပူလီဆစ်တို့နဲ့ ယနေ့ ချယ်ဆီး သတင်းများ စုစည်းမှု

ချယ်ဆီးအသင်းဟာ ကလပ်အသင်းရဲ့ အားကစား ဒါရိုက်တာ ရာထူး အတွက် ဆဲလ်ဘတ် ဒါရိုက်တာက ငြင်းဆန်လိုက်တဲ့နောက် ထပ်မံ ရှာဖွေနေရပြီး လီဗာကူဆင်နဲ့ လိဒ်စ်ယူနိုက်တက် အကြီးအကဲတွေကို ချဉ်းကပ် ဆွေးနွေး နေပြီ ဖြစ်ပါတယ်။

ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ပြင်သစ် ခံစစ်မှုး ဘန်ဂျမင် ပါဗတ် ဟာ ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားကြောင်း အရိပ်အမြွက် ဖွင့်ဟလာပါတယ်။

လက်ရှိ ချယ်ဆီး တိုက်စစ်ကို အားရကျေနပ်ခြင်း မရှိတဲ့ နည်းပြ ဂရေဟမ် ပေါ်တာက စပါးတိုက်စစ်မှုး ဟယ်ရီ ကိန်းကို ခေါ်ယူလိုနေပြီး နောက်နှစ် နွေမှာ လူကာကူကို အငှားက ပြန်ခေါ်ကာ ကိန်းကိုရဖို့ အလဲအထပ် အဖြစ် ထည့်သွင်းဖို့ ကြံရွယ်နေပါတယ်။

ချယ်ဆီးအသင်းဟာ စီးပွားလုပ်ငန်း ဒါရိုက်တာသစ် ဒါမီယန် ဝယ်လော့ဘီ ကို ဘောလုံးအေးဂျင့် အမျိုးသမီး တစ်ဦးထံ မသင့်တော်တဲ့ မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြောင်း သက်သေနဲ့တကွ ပေါ်ထွက်လာတဲ့နောက် ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဘရာဇီး ဂန္တဝင် ရော်ဘတ်တို ကားလို့စ်က ၂၀၀၇ ခုနှစ်တုန်းက သူဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လုနီးပါး ကို ဖြစ်ခဲ့ပြီး စာချုပ်မှာ လက်မှတ်ထိုးရုံသာ ကျန်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ဘဲ ပျက်ပြယ်ခဲ့တာပါ။

အမေရိကန် တောင်ပံတိုက်စစ်သမား ပူလီဆစ်က ယခင် ချယ်ဆီးနည်းပြဟောင်း တူချယ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲတွေမှာ သူ့ကို အရန်ခုံ ပို့ထားခဲ့တာကြောင့် စိတ်ပျက်ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနည်းပြဟောင်း တူချယ်ဟာ ဥရောပ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ် အသင်းတွေမှာ နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

ပြီးခဲ့တဲ့ နွေတုန်းက ချယ်ဆီးရဲ့ ချဉ်းကပ် ကမ်းလှမ်းမှု ရခဲ့ပေမယ့် ငြင်းဆန်ခဲ့တဲ့ မန်းဖစ် ဒီပေးဟာ လက်ရှိကလပ် ဘာစီလိုနာမှာပဲ ပျော်ရွှင်နေကြောင်း ပြောဆိုလိုက်ပါတယ်။