မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ရဲ့ လက်ရှိ စာချုပ်ဟာ နောက်နှစ်နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေ အများအပြား ရှိနေပါတယ်။ အဲဒီထဲမှာ အာဆင်နယ်အသင်း လည်း ပါဝင်နေတယ်လို့ Football Insider က ဖော်ထုတ်ထားပါတယ်။
ဝုဗ်အသင်းဟာ လိုပတ်တီဂူ ကို မန်နေဂျာ အသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။ ၎င်းကလည်း ဆီဗီလာ အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။
ကန်တေက ချယ်ဆီးအသင်းနဲ့ စာချုပ်သစ်ကို လေးနှစ် သက်တမ်း အလိုရှိနေပြီး ချယ်ဆီးကတော့ တစ်နှစ် ထပ်တိုးခွင့် ပါဝင်တဲ့ ၂နှစ် သက်တမ်း စာချုပ်သာ ကမ်းလှမ်းထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ ကန်တေရဲ့ ဒဏ်ရာ မှတ်တမ်းတွေကြောင့် ချယ်ဆီးက နှစ်ရှည် သက်တမ်းတိုးဖို့ တွေဝေနေတာပါ။

နာဘီ ကီတာက လီဗာပူးအသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ ညှိနှိုင်းမှုကို အလောတကြီး မလုပ်သေးဘဲ ဇန်နဝါရီ ထိ စောင့်ဆိုင်းလိုနေပါတယ်။ ကီတာကလည်း ဒီရာသီကုန်ရင် လီဗာပူးနဲ့ စာချုပ် ကုန်ဆုံးတော့မှာပါ။
အေဂျက် ကွင်းလယ် တိုက်စစ်သမား မိုဟာမက် ကူဒပ်စ် ကို စပါး၊ အဲဗာတန်နဲ့ ဒေါ့မွန်တို့က လိုက်လံ ချိတ်ဆက်နေပါတယ်။ ကူဒပ်စ် လက်ရှိ စာချုပ်က ၂၀၂၅ ထိ ရှိနေပြီး ဈေးကွက်ပေါက်ဈေး ယူရို ၁ဝ သန်း ရှိပါတယ်။
ချယ်ဆီးအသင်းဟာ မီလန် ခံစစ်သမား စခရီနီယာ ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားမှာ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးစားရမယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ရေးနက်စ် တိုက်စစ်သမား ကာမန်ဒင် ဆူလီမန်နာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်း ထွက်လာပါတယ်။ ၎င်း အတွက် ဇန်နဝါရီမှာ လီဗာပူးက ပေါင် ၃ဝ.၅ သန်းနဲ့ ကမ်းလှမ်းဖွယ် ရှိတယ်လို့ သိရပါတယ်။
