ငယ်မွေးခြံပေါက်တွေ သဘောကျတဲ့ ပေါ်တာ၊ ကွန်တီ နာမည်မေ့နေတဲ့ ကော်စတာ၊ မောင့် စာချုပ်သစ်နဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ဝုဗ် တိုက်စစ်မှုး အဖြစ် စတန်းဖို့ဘရစ်ချ်ထံ စနေနေ့က ပြန်ရောက်လာခဲ့တဲ့ ဒီယေဂို ကော်စတာက သူ့ရဲ့ အပြန်လမ်းမှာ ချယ်ဆီး ပရိသတ်တွေနဲ့ ဘာပြသနာမှ မရှိကြောင်း ဖွင့်ဟခဲ့ကာ သူ အဆင်မပြေခဲ့တာက ထိုစဉ်က နည်းပြ ကွန်တီ ကြောင့်သာ အသင်းက ထွက်ခဲ့ဖြစ်တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကော်စတာက ထို အင်တာဗျူး ဖြေစဉ်မှာ နည်းပြ ကွန်တီ ရဲ့ နာမည်ကို ဘယ်လို ခေါ်သလဲ မေ့နေခဲ့သေးပြီး သတင်းထောက်ကို ပြန် မေးမြန်းခဲ့ရပါသေးတယ်။

ချယ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ကလပ် အကယ်ဒမီက မွေးထုတ်ပေးတဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေကို ကစားခွင့် ပေးရတာ သဘောကျကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ပေါ်တာ ရောက်လာတည်းက အကယ်ဒမီ ထွက်တွေ ဖြစ်တဲ့ ချာလိုဘတ်၊ ဂျိမ်းစ်၊ ဂလယ်ဟာနဲ့ လော့ဖ်တပ်ချိစ်တို့ဟာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိနေပါတယ်။

ချယ်ဆီးအသင်း အတွက် ပထမဆုံး သွင်းဂိုး ကို ဝုဗ်နဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှုး ဘရိုဂျာ က ထိုနေ့က သူ့ ဖခင်ရဲ့ မွေးနေ့ ဖြစ်ပြီး သွင်းဂိုးနဲ့ အတူ အောင်ပွဲခံစရာ အကောင်းဆုံး နေ့ တစ်နေ့ ဖြစ်ကြောင်း ဝမ်းမြောက် စကား ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မေဆန်မောင့် ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေကြောင်း တယ်လီဂရပ်ဖ် သတင်းဌာနက ဖော်ပြလာပါတယ်။ မောင့်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၄ မှာ ကုန်ဆုံးမှာပါ။

စနေနေ့က ဝုဗ်နဲ့ ပွဲမှာ ချယ်ဆီး နဲ့ ပွဲဦးထွက် ပါဝင် ကစားခွင့် ရခဲ့တဲ့ ချူဝူမီကာ က သူ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာသလို ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။ ၎င်းက အသက် ၆ နှစ်သားတည်းက ချယ်ဆီး ပရိသတ် တစ်ဦး ဖြစ်ခဲ့သူပါ။

လိုက်ပ်ဇစ်ကနေ ထွက်ခွာလာတဲ့ ခရစ္စတိုဖာ ဗီဗယ် ကို ချယ်ဆီးအသင်းက ဒီအပတ်ထဲမှာ နည်းစနစ် ဒါရိုက်တာ အဖြစ် ခန့်အပ်ဖို့ အပြီးသတ် ကြေညာမှာ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ခဲ့ပါတယ်။