တောင်းပန်စကား မဆိုတဲ့ ရော်နယ်ဒို၊ U21 နဲ့ ထရိန်နင်၊ ဂတ်ပို ကို အပြိုင်ခေါ်မယ့် အသင်းများနဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

တော့တင်ဟမ် စပါးနဲ့ ပွဲက ဖြစ်ရပ်ကြောင့် တစ်ဦးတည်း လေ့ကျင့်ဖို့ အပြစ်ပေးခံထားရတဲ့ ရော်နယ်ဒိုဟာ ဒီနေ့ သောကြာနေ့မှာ နံနက်ခင်း အစောပိုင်းမှာ ကာရင်တန် လေ့ကျင့်ရေးကွင်း သို့ U21 ကစားသမားတွေနဲ့ အတူ ရောက်ရှိလာပါတယ်။ တန်ဟက်ရဲ့ စီနီယာ အသင်းကြီးမှ အသင်းသားတွေကိုတော့ ထရိန်နင်မှာ မတွေ့ရဘူးလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ PSV တိုက်စစ်သမား ကိုဒီ ဂတ်ပို ကို နောက်နှစ်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ဒါပေမယ့် ဂတ်ပို ကို ရဖို့ ရီးရဲလ်မက်ဒရစ်၊ စပါးတို့နဲ့ ပြိုင်ဆိုင်ရမှာပါ။

စပါးနည်းပြ ကွန်တီက မန်ချက်စတာ ယူနိုက်တက်ဟာ အနိုင်ရဖို့ လုံးဝ ထိုက်တန်ခဲ့ကြောင်း ကြားရက်က ပွဲ အပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

စီ ရော်နယ်ဒိုက ချယ်ဆီးနဲ့ ပွဲကနေ ချန်လှပ်ခံရကြောင်း ကြေညာချက် ထွက်ပြီးနောက် အကောင်းဆုံး လေ့ကျင့် ကြိုးစားပြီး အသင်းနဲ့ အတူ ပြန်ပါဝင်ခွင့် ရဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း အင်စတာဂရမ်ကနေ အသိပေးခဲ့ပါတယ်။ သွေးဆူ စိတ်လွတ်သွားတဲ့ ခဏမှာ ဒီအပြုအမူမျိုး ဖြစ်ခဲ့ကြောင်း ရော်နယ်ဒိုက ဆိုခဲ့ပေမယ့် မှားယွင်းကြောင်း၊ တောင်းပန်ကြောင်း တခွန်းတပါဒမှ ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။

ရော်နယ်ဒို ဟာ စပါးနဲ့ ပွဲမှာ ထ ပြန်သွားခဲ့တဲ့ လုပ်ရပ်ကြောင့် လာမယ့် ချယ်ဆီးနဲ့ ပွဲမှာ လူစာရင်းကနေ ဖယ်ထုတ်ထားမှာ ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်က တရားဝင် ကြေညာထားခဲ့ပြီး နည်းပြ တန်ဟက်ရဲ့ ဆုံးဖြတ်ချက် ကို အသင်းက ရာနှုန်းပြည့် ထောက်ခံပေးထားကြောင်းလည်း သိရပါတယ်။

ယူနိုက်တက် ဘောလုံး ဒါရိုက်တာ ဂျွန် မက်ဒေါ့က လာမယ့် ဆောင်းဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ဖို့ ငွေ သိပ် သုံးဖွယ် မရှိကြောင်း အရိပ်အမြွက် ထုတ်ဖော် ပြောဆိုလာပါတယ်။