လူကာကူ ကိစ္စ သဘောတူညီမှု၊ ပေါ်တာ ရပ်ဆိုင်းလိုက်တဲ့ ကန်တေ စာချုပ်သစ်၊ ရော်နယ်ဒို နဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ချယ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီမှာ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန် ရိုက်စ် ကို ခေါ်ယူဖို့ နီစပ်နေကြောင်း သတင်းထောက် ဘန် ဂျက်ကော့ဘ်က အခိုင်အမာ ပြောဆိုလာပါတယ်။

ချယ်ဆီး ကွင်းလယ်သမား ကန်တေနဲ့ ဂျော်ဂျင်ဟို တို့ဟာ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပြီ ဖြစ်ပြီး သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။ ဒီကလန် ရိုက်စ်ဟာ ချယ်ဆီး ကွင်းလယ် အတွက် ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်လာဖွယ်ပါ။

ကန်တေနဲ့ သက်တမ်းတိုး စာချုပ် ဆွေးနွေးမှုကို နည်းပြ ပေါ်တာ ကိုယ်တိုင်က ဆိုင်းငံ့ထားလိုက်ပါတယ်။ သက်တမ်းတိုး မဆွေးနွေးခင် ကန်တေ ကြံ့ခိုင်မှု အပြည့် ပြန်ရတာကို ပေါ်တာက စောင့်ကြည့်လိုနေပါတယ်။ ပြင်သစ်သားဟာ ဒဏ်ရာကြောင့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်မှာ ဖြစ်ပြီး လ အနည်းငယ် အနားယူရမှာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ချယ်ဆီး ခံစစ်မှုး ချာလိုဘတ် ကို ပစ်မှတ်ထားလာကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ အင်တာက ချာလိုဘတ် ကို စကရီနီယာ နေရာ အစားထိုးဖို့ ရည်ရွယ်နေတာပါ။

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချယ်ဆီးက ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူဖို့ လှုပ်ရှားလာဖွယ် ရှိကြောင်း အင်္ဂလန် သတင်းတွေက ဆိုပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြ တန်ဟက်နဲ့ အဆင်မပြေတာကြောင့် ပေါ်တူဂီသားဟာ အမြန်ဆုံး အသင်းပြောင်းဖွယ် ရှိနေပါတယ်။

ချယ်ဆီးနဲ့ အင်တာမီလန်အသင်း တို့ဟာ တိုက်စစ်မှုး လူကာကူ အတွက် အငှား သဘောတူ စာချုပ်ကို ၂၀၂၄ ထိ သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံသားဟာ ဒီရာသီကုန်မှာလည်း စတန်းဖို့ဘရစ်ချ်ထံ ပြန်လာမှာ မဟုတ်ပါဘူး။

ချယ်ဆီး က နာပိုလီ တောင်ပံတိုက်စစ်သမား Khvicha Kvaratskhelia ကို ပစ်မှတ်ထားနေပြီ လို့ နောက်ဆုံး သတင်းတွေမှာ ဖော်ပြလာပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားကို ဥရောပ ထိပ်သီးကလပ် အချို့ကလည်း စောင့်ကြည့်နေတာပါ။