ယူနိုက်တက်အသင်းမှ ပြိုင်ဘက်တွေ ရွံကြောက်ကြီး ဖြစ်လာရတဲ့ ကစားသမား အကြောင်း ဖော်ထုတ်ခံရ

ဘရာဇီးသား ကွင်းလယ်လူ ကာဆီမီရိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ လွှမ်းမိုးနိုင်စွမ်းနဲ့ အရည်အသွေးတွေ ယူလာပေးခဲ့သူပါလို့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဂျေမီရက်နပ်က ချီးကျူးလိုက်ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ အရာအားလုံးကို ရိုးရိုးရှင်းရှင်းဖြစ်အောင် လုပ်ခဲ့ပြီး ပွဲအနေအထားကို ကကြီးကနေ အထိ သိနားလည်ထားသူ ဖြစ်ကြောင်းနဲ့ ပြိုင်ဘက်တွေဟာ သူတို့အတွက် ဆူးငြှောင့်ခလုတ်လိုဖြစ်လာတဲ့ ဘရာဇီးသားကို ရွံကြောက်ကြီး ဖြစ်လာတယ်လို့ ရက်နပ်က ပြောကြားခဲ့တာပါ။

“ သူ့ကို အထင်ကြီးရမှာပဲ။ ကျွန်တော် ယူနိုက်တက်ကွင်းလယ်ကို အကြာကြီး စောင့်ကြည့်နေခဲ့တာပါ။ ရင်ဆိုင်ရမှာ ကြောက်စရာကောင်းတဲ့ ကွင်းလယ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။

ကာဆီမီရိုက ဒီအသင်းအတွက် တည်ငြိမ်မှု၊ အရည်အသွေး၊ လွှမ်းမိုးမှုတွေ ယူလာပေးခဲ့တာပါ။ ဘယ်အချိန် ဖိအားပေးရမယ်၊ ဘယ်အချိန် ကြားဖြတ်ဝင်ရမယ် ဆိုတာ သူကောင်းကောင်းသိတယ်။ ပြိုင်ဘက်တွေဆီက ဘောလုံးကို လုယူပြီး မှန်ကန်တဲ့ ပေးပို့မှုတွေ သူလုပ်နေတာကို ကျွန်တော်တို့ မြင်ခဲ့ရတာ ဘယ်နှကြိမ်တောင် ရှိပြီလဲ။

တခြားအသင်းတွေက သူ့ကိုကြည့်ပြီး ‘ကာဆီမီရို အဲ့မှာရှိနေတာပဲ’ ဆိုတဲ့ အသိက သူတို့အတွက် ဆူးငြှောင့်ခလုတ်လို ဖြစ်နေပါတယ်။ ဒါပေမယ့် သူက ဘယ်နေရာမှာ ရှိနေရမလဲဆိုတာ သိတယ်။

ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ အရင်က အဲ့လို အရည်အသွေးမျိုး မရှိခဲ့ဘူး။ သူတို့ ကွင်းလယ်ကို အကြာကြီး စောင့်ကြည့်ခဲ့ပေမယ့် ဘာမှ အဆီအငေါ် မတည့်ဘူးလို့ တွေးမိခဲ့တယ်။ အခု ကာဆီမီရို လုပ်နေတဲ့ အရာအားလုံးက ရိုးရိုးလေးပဲ။ သူက ပွဲတွေအကြောင်းကို သေသေချာချာ သိနားလည်သူပါ ”လို့ ရက်နပ်က ပြောပါတယ်။

ယူနိုက်တက်ရဲ့ ခံစစ် တောင့်တင်းလာခြင်းဟာ ကွင်းလယ်မှာ ကာဆီမီရို ရှိနေတာကြောင့် ဆိုကာ ဝက်စ်ဟမ်းရဲ့ ထိုးစစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ကွင်းလယ်လူဟောင်းက သုံးသပ်ပါသေးတယ်။

ရက်နပ်က “ နောက်တန်းလေးယောက်ရှေ့မှာ သူရှိနေတာနဲ့တင် ယုံကြည်မှုတွေ အများကြီး ပေးပါတယ်။ ကွင်းလယ်လူက ဟနေတဲ့ နေရာတွေထဲကို ပြေးလွှားနေတဲ့ အခြေအနေမျိုးတွေ ကျွန်တော်မြင်ခဲ့တယ်။ ကာဆီမီရိုက အသက်ရှူပြီးတော့ အေးဆေးဖြေးဖြေးလေးနဲ့ ပွဲကို ကစားနေပါတယ်” လို့ ဆက်ပြောခဲ့တာဖြစ်ပါတယ်။