ချယ်ဆီး၊ အာဆင်နယ်၊ ရိုးမားတို့ အသင့်ပြင်ထားရဖို့ ဖြစ်လာနေတဲ့ ပဲလေ့စ်နဲ့ တိုက်စစ်မှုး ဇာဟာတို့ အလားအလာ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တိုက်စစ်မှုး ဇာဟာ က သူတို့နဲ့ သက်တမ်းတိုး စာချုပ်သစ် မချုပ်ဆိုသေးတာကြောင့် စိုးရိမ်မှုတွေ တိုးပွားလာနေတယ်လို့ နောက်ဆုံးသတင်းတွေမှာ ဖော်ပြလာပါတယ်။

ဇာဟာ ရဲ့ လက်ရှိ စာချုပ်က ဒီရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှုးကို ခေါ်ယူလိုတဲ့ ကလပ်တွေကလည်း အသင့်ရှိနေပြီး ပရီးမီးယားလိဂ်မှ ပဲလေ့စ်ရဲ့ လန်ဒန်မြို့ခံ ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ ထိပ်ဆုံးမှ ပါဝင်နေပါတယ်။

လက်ရှိကလပ်နဲ့ အနာဂတ် မရေရာမှုတွေ ရှိနေသော်လည်း ဇာဟာရဲ့ ခြေစွမ်းနဲ့ ဂိုးသွင်း မှတ်တမ်းတွေက အကောင်းဆုံး အနေအထားမှာ ရှိနေတာပါ။ နည်းပြ ပက်ထရစ် ဗီအဲရာရဲ့ ပဲလေ့စ် အသင်း ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားပြီးချိန် အဆင့် ၁ဝ မှာ ရပ်တည်နေရာမှာ ဇာဟာက အဓိက အသင်းသား အဖြစ် ပါဝင်ထားပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ဇာဟာထက် ပရီးမီးယားလိဂ် ဂိုး ပိုသွင်းထားတဲ့ ကစားသမားတွေ ဆိုလို့ စပါးမှ ကိန်းနဲ့ ဆွန်၊ ဘရန့်ဖို့ဒ်မှ အိုင်ဗန်တိုနေးနဲ့ မန်စီးတီးရဲ့ ဟာလန်းတို့သာ ရှိထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာတော့ နည်းပြ ဗီအဲရာ က ဇာဟာနဲ့ စာချုပ်သက်တမ်းတိုး ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ထုတ်ဖော် ပြောဆို အတည်ပြုထားပြီး သူတို့ ကြယ်ပွင့် တိုက်စစ်မှုးကို အသင်းမှာ ဆက်ထိန်းထားလိုတဲ့ သဘောထား ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒေးလီးမေးလ် သတင်း အဆိုအရ အဆိုပါ သက်တမ်းတိုး စာချုပ်သစ် ဆွေးနွေးမှုဟာ အဆင်မချောသေးဘဲ ရှိနေတယ်လို့ သိရပါတယ်။ ပဲလေ့စ်က ဇာဟာ ကို ကလပ် လုပ်ခ အမြင့်ဆုံး အဖြစ် တစ်ပတ် ပေါင် ၁သိန်း ၃သောင်း လစာနဲ့ ကမ်းလှမ်းလိုကြောင်း နှုတ်နဲ့အရင် ပြောဆိုထားတာပါ။

ဒါပေမယ့် ဇာဟာ အနေနဲ့က အသက် ၃ဝ ဝန်းကျင် ရှိလာပြီ ဖြစ်တာကြောင့် ဒီစာချုပ်ဟာ သူ့ ကစားသမားဘဝ ရနိုင်တဲ့ အမြင့်ဆုံး စာချုပ်နဲ့ အခွင့်ကောင်း တစ်ရပ် အဖြစ် ရှိနေပြီး အလေးအနက် စဉ်းစားနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် အနေနဲ့ ဒီတလော လပိုင်းတွေမှာသာ ဇာဟာ ကို သက်တမ်း မတိုးနိုင်ရင် အိုင်ဗရီကို့စ်သားက လာမယ့် ဇန်နဝါရီမှာ အင်္ဂလန် ပြင်ပ ကလပ်အသင်းတွေနဲ့ အကြို သဘောတူညီမှု ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဇာဟာ ကို နည်းပြ မော်ရင်ညိုရဲ့ ရိုးမားအသင်းကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။