ကမ္ဘာ့ဖလား ကို မေ့ထားဖို့ တိုက်တွန်းတဲ့ အာတီတာ၊ ဂွာဒီယိုလာ မှတ်ချက်၊ ဒီညပွဲ ၇ ယောက်ထိ လွဲမယ့် ဝုဗ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

ဒီအပတ် ဝုဗ်နဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ကို ဒိုင်လူကြီး စတူးဝပ်အက်ဝဲလ်က ကိုင်တွယ်မှာ ဖြစ်ပါတယ်။ နူနီတန်ဖွား ဒိုင်လူကြီးဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ပွဲ ၁၆ ပွဲ ကိုင်တွယ်ဖူးပြီး ဂန်းနားတို့ ၆ ပွဲနိုင် ၆ ပွဲသရေနဲ့ ၄ ပွဲ ရှုံး ရလဒ် ထွက်ထားပါတယ်။

နည်းပြ မီခေးလ် အာတီတာကတော့ အာဆင်နယ် ကစားသမားတွေ အနေနဲ့ ကမ္ဘာ့ဖလား ကို မေ့ထားပြီး ပရီးမီးယားလိဂ် ဇယားထိပ်မှာ အသင်း ဆက်လက် ရပ်တည်နိုင်အောင် အာရုံစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဝုဗ်နဲ့ ပွဲ ပြီးရင် အာဆင်နယ် ကစားသမား ၁ဝ ယောက်က ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် အသီးသီး ထွက်ခွာသွားကြမှာ ဖြစ်ပါတယ်။

မန်စီးတီး နည်းပြ ဂွာဒီယိုလာက အာဆင်နယ် ချန်ပီယံ ဖြစ်နိုင်ခြေနဲ့ ပတ်သတ်ပြီး ” သူတို့က ပြီးခဲ့တဲ့ ရာသီတွေနဲ့ ယှဉ်ရင် အခုက ဖလား စိန်ခေါ်နိုင်သူတွေ ဆိုတာ သေချာပါတယ်။ ပြီးခဲ့တဲ့ရာသီက အခြေမလှခဲ့ပေမယ့် နောက်ရာသီမှာ ချန်ပီယံ ဖြစ်သွားတာ သူတို့ တစ်သင်းတည်းတင် မဟုတ်နိုင်ပါဘူး၊ တခြား အသင်းတွေလည်း ရှိခဲ့ဖူးပါတယ်။ “လို့ ပြောဆိုလိုက်ပါတယ်။

ဒီည အာဆင်နယ်နဲ့ ပွဲ မှာ ဝုဗ် ဘက်က စီနီယာ ကစားသမား ၇ ဦးထိ မပါဝင်နိုင်တဲ့ အနေအထား ကြုံနေရပါတယ်။ ဒီယေဂို ကော်စတာက ၃ ပွဲ ပယ် ထိထားသလို ကာလပ်ဇီဒစ်၊ ချီကွင်ဟို၊ နီတိုနဲ့ ဂျီမီနက်ဇ် တို့ မပါနိုင်တဲ့ အပြင် ဂိုးမက်စ်နဲ့ မက်သီးယက်စ် နူးနက်စ်တို့လည်း ကစားနိုင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။