အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ် ဆိုတဲ့ ဂွာဒီယိုလာ ချီးကျူးမှု အပေါ် အာတီတာ တုန့်ပြန်

မန်ချက်စတာ စီးတီးအသင်း နည်းပြ ပက် ဂွာဒီယိုလာ က လက်ရှိ အမှတ်ပေးဇယား ထိပ်မှာ ရှိနေတဲ့ အာဆင်နယ် က ပရီးမီးယားလိဂ် ဖလား ကောင်းကောင်း စိန်ခေါ်နိုင်ကြောင်း ချီးကျူးစကား ဆိုခဲ့တဲ့နောက် အာဆင်နယ် နည်းပြ အာတီတာ ကလည်း လက်ရှိ အနေအထား အပေါ် သူ့ သဘောထား တုန့်ပြန် ပြောဆိုလာပါတယ်။

မီခေးလ် အာတီတာက သူ့အသင်းဟာ ဖလား အောင်မြင်ဖို့အကြောင်း မစဉ်းစားသေးပဲ နေ့စဉ် နေ့တိုင်း တိုးတက်မှု အပေါ်မှာသာ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့တာပါ။

ဒီတစ်ပတ်ပြီးရင် ကမ္ဘာ့ဖလား စတော့မှာဖြစ်သလို ခရစ္စမတ်ကာလကို ဇယားထိပ်က အသင်းအနေနဲ့ ဖြတ်သန်းရမယ့် အလားအလာနဲ့ ပတ်သက်ပြီး အာတီတာက အခုလိုမှတ်ချက်ပြုခဲ့ပါတယ်။

“ကောင်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က နေ့တိုင်း ပိုကောင်းအောင် ကစားဖို့ အာရုံစိုက်ထားတယ်။ ဒါကို လုပ်နိုင်ရင် အောင်မြင်ဖို့ အခွင့်အရေးက အားကောင်းလာမှာပါ။ အဲ့အတွက်ပဲ အာရုံစိုက်ထားတယ်။ ကျွန်တော်တို့ ကြိုးစားနေတဲ့အရာက နေ့တိုင်း ပိုကောင်းလာဖို့ပဲ။

ကျွန်တော်တို့ အရှိန် ကောင်းကောင်းယူနေပါတယ်။ ကျွန်တော်တို့ အသင်း ရဲ့ တည်ငြိမ်မှုအဆင့်ကလဲ ပိုကောင်း လာနေတယ်။ ကျွန်တော်တို့ ဒါကို ထိန်းထားနိုင်မလားဆိုတာ တစ်နေ့ပြီး တစ်နေ့ အဖြေပေါ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကို ဖလားစိန်ခေါ်သူတွေအဖြစ် ပြောဆိုခဲ့တဲ့ ဂွာဒီယိုလာနဲ့ မှတ်ချက်စကားတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ အာတီတာက

“အဲ့အပေါ်မှာ မှတ်ချက်ပေးဖို့ ကျွန်တော် ဒီမှာရှိနေတာမဟုတ်ဘူး။ ကျွန်တော်လုပ်ချင်တာက တတ်နိုင်သလောက် အဆင့်မြင့်မြင်ကို ရယူချင်တယ်၊ တတ်နိုင်သလောက် ကောင်းကောင်းကစားချင်တယ်။ ဒါပါပဲ”လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။