အာဆင်နယ် တို့ ပရီးမီးယားလိဂ် ဖလား ဒီရာသီ သေချာပေါက် ယူဖို့ ဘယ်သူ့ကို ခေါ်ရမလဲ မော်ဂန် တိုက်တွန်း အကြံပြု

အာဆင်နယ် ပရိသတ် ဖြစ်တဲ့ ဗြိတိန် နာမည်ကျော် အစီအစဉ် တင်ဆက်သူ ပီးယာ့ဇ် မော်ဂန်က ဂန်းနားတို့ လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူအားဖြည့်ပြီး ပရီးမီးယားလိဂ် ဖလားကို ကောင်းကောင်း စိန်ခေါ်နိုင်ဖို့ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းသွားပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အာဆင်နယ် က ဦးဆောင်ထားပေမယ့် အသင်း လူစာရင်းက အင်အားနည်းသေးတာကြောင့် ဇန်နဝါရီမှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ပီးယာ့ဇ် မော်ဂန်ကတော့ အာဆင်နယ်ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူလိုက်ရင် အာဆင်နယ် သေချာပေါက် ပရီးမီးယားလိဂ် ဗိုလ်စွဲနိုင်မယ် လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်မှာ ရော်နယ်ဒို အပတ်တိုင်း ကစားခွင့်ရပါ့မလား ဆိုတဲ့ မေးခွန်းအတွက် မော်ဂန်က –

” လုံးဝ သေချာတာ ပေါ့ဗျာ။ သူက အာဆင်နယ် သေချာပေါက် လိုအပ်နေသူပဲ။ ခရစ္စတီယာနိုနဲ့ ဂျေးဆုတို့က ကျနော်တို့ အတွက် အမှတ်ပေးဖလားကို ယူပေးပါလိမ့်မယ် ” လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒီရာသီ မန်ချက်စတာ ယူနိုက်တက်မှာ အဆင်မပြေဖြစ်နေတဲ့ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဇန်နဝါရီမှာ အသင်းသစ် ပြောင်းရွှေ့ဖို့ များနေပါတယ်။ အာဆင်နယ်ကလည်း ဂျေးဆု၊ မာတင်နယ်လီ၊ ဆာကာတို့ပဲ အားကိုးနေရတဲ့ တိုက်စစ်ပိုင်းမှာ လူသစ် အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

မော်ဂန်ကတော့ ရော်နယ်ဒိုဟာ ဘောလုံး ကစားရဖို့ အလေးအနက် ထားသူဖြစ်သလို အောင်နိုင်လိုစိတ် ပြင်းပြသူဖြစ်ပြီး သူ့လို ကစားသမားကို ခေါ်ယူနိုင်ရင် အရမ်း ကောင်းပါလိမ့်မယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။