အာဆင်နယ်အသင်းနဲ့ ပတ်သတ်ပြီး တစ်ပတ်အတွင်းမှာ လေသံပြောင်းသွားခဲ့တဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးကပဲ အပြတ်အသတ် သာသွားမယ်လို့ ဆိုခဲ့ပေမယ့် ထိုစကား ပြောပြီး တစ်ပတ် အကြာမှာပဲ စီးတီး ရှုံးပွဲတွေ့ကာ အာဆင်နယ်က ဇယားထိပ်ကို ၅ မှတ်ပြတ် ဦးဆောင်ခဲ့တဲ့နောက် လေသံပြောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ရပြီး အာဆင်နယ်ကတော့ ဝုဗ်ကို အနိုင်ကစားကာ အမှတ်ပြည့် ယူနိုင်ခဲ့ပါတယ်။

နဗီးလ် က – ” ပြီးခဲ့တဲ့ အပတ်တုန်းက မန်ချက်စတာစီးတီးဟာ အမှတ်ပေးဖလားကို ၁၅ မှတ်လောက် ဖြတ်ပြီးတောင် ယူသွားလိမ့်မယ် လို့ ကျနော် ပြောခဲ့တာပါ။ အခုလည်း အဲဒီ ခန့်မှန်းချက်ကို ဆွဲကိုင်ထားချင်တုန်းပါပဲ။ ဒါပေမယ့် အာဆင်နယ်ကတော့ ကျနော့်ကို တွေဝေလာအောင် လုပ်နေပြီ။

သူတို့က တော်တော်ကို ကောင်းနေတာ။ ပရီးမီးယားလိဂ် ပထမပွဲ ၁၄ ပွဲ ကစားပြီးချိ မြင်ရတာက လုံးဝ အဆင့်အတန်း မြင့်မြင့်မှာ ရှိနေတယ်။ ကျနော်တို့ကလည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ချန်ပီယံ လုပွဲကို ပရီးမီးယားလိဂ်မှာ မြင်ချင်တာ။ ဘောလုံးရာသီတိုင်း တစ်သင်းတည်းကပဲ ရှေ့ကပြေးနေတာကို မမြင်ချင်ပါဘူး။

အခုတော့ အာဆင်နယ်က တကယ့် ယှဉ်ပြိုင်မှုကို ပြသနေပြီ။ ဒီရာသီ ၁၄ ပွဲ ကစားပြီးချိန်မှာ သူတို့က အကောင်းဆုံး အသင်းပဲ။ တစ်မိုင်လောက်တောင် ရှေ့ကနေ ပြေးနေတယ်။

သူတို့က စိတ်ဓာတ် ကောင်းတယ်၊ အတူတကွ ကစားပြီး ကောင်းမွန်တဲ့ ဘောလုံး ကစားဟန် မြင်ရတယ်။ မီခေးလ် အာတီတာ လုပ်ဆောင်ချက်တွေက သိပ်ကို ကောင်းတယ်။ ” လို့ စကိုင်းစပေါ့ အစီအစဉ်မှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလ နားချိန် ရာသီဝက်မှာလည်း အာဆင်နယ်က အမှတ်ပေးဇယား ထိပ်မှာ သက်တောင့်သက်သာ ရပ်တည်နေပြီး ဒုတိယ နေရာမှ မန်စီးတီးကို ၅ မှတ် ဖြတ်ထားကာ ခရစ်စမတ်ကာလထိ ဆက်လက် ဦးဆောင်နိုင်ဖို့ ရှိနေပါတယ်။

လူစာရင်းအရ အင်အားနည်းနေတဲ့ အာဆင်နယ် အတွက်လည်း နည်းပြ အာတီတာက ဇန်နဝါရီမှာ လူသစ်ခေါ်ယူ အားဖြည့်မှုများ ပြုလုပ်ပြီး လက်ကျန် ရာသီဝက် အတွက် ဆက်လက် ကြိုးစားသွားဖို့ ရှိနေပါတယ်။