မာရက်ဇ် လက်သစ်ကို ချိန်လာတဲ့ ဂန်းနားများ၊ ချီယေဆာနဲ့ မောင့် အလဲအထပ်၊ ရောင်းခံရမှာ လန့်နေတဲ့ ဂရီးလစ်ချ်နဲ့ ထူးခြား အပြောင်းအရွှေ့ သတင်းများ

နော့တင်ဟမ် ဖောရက်စ်ဟာ လီဗာပူးအသင်းရဲ့ အသက် ၁၇နှစ် အရွယ် တောင်ပံ ကစားသမားလေး ဗန်ဒုတ်ကို လာမယ့် ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူလိုနေပါတယ်။ ဗန်ဒုတ်က လတ်တလောမှ လီဗာပူးနဲ့ ပရိုစာချုပ် စတင် ချုပ်ဆိုထားတာပါ။

ချယ်ဆီးဟာ ဂျူဗင်တပ် တောင်ပံ တိုက်စစ်သမား ဖက်ရီကို ချီယေဆာ ကို ခေါ်ယူဖို့ စဉ်းစားနေပြီး အလဲ အထပ် အဖြစ် မေဆန်မောင့် ကို ထည့်သွင်း ကမ်းလှမ်းဖွယ် ရှိကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ ဂျူဗင်တပ် ကလည်း မောင့်ကိုသာ ထည့်ပေးရင် ချီယေဆာ ကို လက်လွှတ်လိုနေပါတယ်။

အာဆင်နယ် ခံစစ်မှုး ဆီဒရစ် ဆောရက်စ်ကို ခေါ်ယူဖို့ ဗီလာရီးရဲလ်၊ လီဗာကူဆင်နဲ့ ဖူလ်ဟမ် တို့ သုံးသင်းက စိတ်ဝင်စားနေကြောင်း ESPN သတင်းက ဖော်ပြလာပါတယ်။ ဆောရက်စ်ဟာ ဒီရာသီ လိဂ်ပွဲ တစ်ပွဲသာ ကစားထားရပြီး ညာစွန်မှာ ဘန်ဝှိုက်နဲ့ တိုမီယာဆု တို့ နောက် ကျန်ရစ်ခဲ့ပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လိုင်ယွန်နောက်ခံလူ မာလို ဂူစတိုကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်၊ ချယ်ဆီးတို့နဲ့ အပြိုင် ကြိုးစားသွားမှာပါ။ ၁၉နှစ် အရွယ် ညာနောက်ခံလူဟာ ၂၀၂၁ မှာ လီဂူးဝမ်း ကလပ်အတွက် ပရော်ဖက်ရှင်နယ် ပွဲဦးထွက် ကစားခဲ့တာဖြစ်ပြီး အခုချိန်ထိ လိဂ်ပွဲ ပေါင်း ၄၀ ကစားပေးထားတာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ သန်း ၁၀၀ တန် ကစားသမား ဂျက် ဂရီးလစ်ရှ်ဟာ သူ့ရဲ့ အသင်းအခြေအနေကြောင့် စီးတီး က ရောင်းထုတ်ဖို့ ကြိုးစားလာမှာကို စိုးရိမ်နေပါတယ်။ သူဟာ ဘာနာဒိုဆေးဗား၊ ဖီးဖိုဒန်တို့ဆီက ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရသလို အသင်းမှာ ပါရလိုက်၊ မပါရလိုက်နဲ့ ရုန်းကန်နေရတာပါ။

အင်္ဂလန်သားဟာ လီဗာပူး၊ ဘရန့်ဖို့ဒ်တို့ကို ရှုံးခဲ့တဲ့ပွဲတွေအတွင်း အရန်ခုံကတောင် မထခဲ့ရသလို စီးတီးက ဘယ်လင်ဟမ်ကိုလည်း ချိန်ရွယ်နေတာကြောင့် ကလပ်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ တူလူ့စ် ကွင်းလယ်တိုက်စစ်ကစားသမား ဖာရက်စ် ချိုင်ဘီနဲ့ သူတို့ရဲ့ တိုက်စစ်ကို အင်အားမြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ အသက် ၁၉နှစ် အရွယ် ကစားသမားဟာ လီဂူးဝမ်းမှာ အထင်ကြီးစရာ ပွဲဦးထွက်ရာသီကို ရထားပြီး ၁၃ပွဲကစား၊ ၂ဂိုးသွင်း၊ ၄ဂိုး ဖန်တီးပေးထားသလို ‘ရီယက် မာရက်ဇ် လက်သစ်’ အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ချယ်ဆီး အသင်းဟာ ဟာ လာမယ့် ဇန်နဝါရီမှာ ဂျူဗင်တပ်ကနေ ရာဘီရော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရာသီကုန်ရင် ကန်တေနဲ့ ဂျော်ဂျင်ညိုတို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်နဲ့ ထွက်ဖွယ် ရှိတာကြောင့် ချယ်ဆီး က ရာဘီရော့ကို ချိန်ရွယ်လာတာပါ။ အီတလီကလပ်ကလဲ မီလင်ကိုဗစ်ဆာဗစ်ကို ခေါ်ယူနိုင်ရေး အသုံးစရိတ် မြှင့်တင်ဖို့အတွက် ရာဘီရော့ကို ရောင်းချဖွယ် ရှိပါတယ်။