ပစ်ဖို့ဒ်ကို စောင့်ကြည့်မယ့် ချယ်ဆီး၊ လစာ ၁ဝ ဆ တိုးမယ့် ဂနာချို၊ အသင်းဟောင်းထံ ပြန်ချင်တဲ့ ဂွမ်ဒိုဂန် နဲ့ ထူးခြား အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ ကစားသမား ဒီဂျောင်ကတော့ ကတ်တလန်ကလပ်မှာ ပျော်ရွှင်နေပြီး နောက်ထပ် ၈နှစ် ၁ဝ နှစ်လောက်တောင် ဆက်နေသွားချင်တယ် လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ ဂျူဗင်တပ်ကနေ ၁၈ လ အငှားနဲ့ ခေါ်ထားတဲ့ ကူလူဆက်ဗ်စကီး ကို အပြီး ဝယ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကနေ အလွတ်နဲ့ ထွက်ခွာလာမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ အသင်းပိုင်ရှင်တွေဘက်က စိတ်အားထက်သန်နေတာဖြစ်ပြီး နည်းပြ ဂရေဟမ်ပေါ်တာရဲ့ အမြင်ကတော့ မသိရသေးပါဘူး။

ချယ်ဆီးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကို ကင်းထောက် စောင့်ကြည့် သွားမှာပါ။ ပစ်ဖို့ဒ်က နည်းပြ ပေါ်တာရဲ့ အလိုရှိစာရင်းထဲမှာ နံပါတ်တစ်နေရာက ရောဘတ် ဆန်းချက်ရဲ့နောက်မှာ ရှိနေတာ ဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂမ်ဟာ အသင်းဟောင်း နုရင်ဘတ်ကို တစ်နေ့ကျရင် ပြန်သွားချင်တယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်လူဟာ နုရင်ဘတ်မှာ ကစားသမားဘဝ စတင်ခဲ့ပြီး အကောင်းဆုံး အချိန်တချို့ ရရှိခဲ့တာဖြစ်ပါတယ်။ ဂန်ဒိုဂမ်အနေနဲ့ ဘာစီလိုနာနဲ့ ချိတ်ဆက်မှုရှိနေတဲ့ကြားက နုရင်ဘတ်ဆီ ပြန်လိုနေတာပါ။

ယူနိုက်တက် ကြယ်ပွင့် ဂါနာချိုဟာ မန်ချက်စတာ ကလပ်နဲ့ ကာလရှည် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆို သွားမှာ ဖြစ်ပြီး ထိုစာချုပ်အရ ယခုလစာထက် ဆယ်ဆကို ရရှိသွားမှာပါ။ စာချုပ်သစ်မှာ ၎င်းရဲ့လုပ်ခဟာ ပေါင် ၅ထောင် ကနေ ပေါင် ၅သောင်း အထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။

အင်္ဂလန်သား ကွင်းလယ် ကစားသမား ချိန်ဘာလိန်ဟာ ဒီရာသီ ကုန်ရင် စာချုပ်ကုန်ဆုံးပြီး လီဗာပူး အသင်းကနေ ထွက်ခွာတော့မှာပါ။ စာချုပ်ကုန်ဖို့ နီးလာပေမယ့် လီဗာပူးဘက်က သက်တမ်းတိုးဖို့ မလှုပ်ရှားတော့ပါဘူး။

တိုင်လီမန်းစ်ကို ဆက်ထိန်းထားဖို့ လက်စတာ အသင်းက ကြိုးစားနေပေမယ့်လဲ ဘယ်လ်ဂျီယမ်သားဟာ နောက်နှစ် နွေရာသီမှာ စာချုပ် သက်တမ်းကုန်ရင် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားကြောင်း ရိုမန်နိုက ဖော်ထုတ် လိုက်ပါတယ်။