အသင်းပြောင်းချင်တဲ့ အမ်ဘာပေ၊ လူကာကူ ကို ပြန်ခေါ်မယ့် ချယ်ဆီး၊ အင်္ဂလန်သား ၂ယောက်ကို စောင့်ကြည့်တဲ့ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းများ

ဘာစီလိုနာဟာ ဖရန်ကီ ဒီဂျောင်နဲ့ တာစတီဂျန်တို့ကို လစာလျှော့ချဖို့နဲ့ ပတ်သက်ပြီး ဆက်သွယ်မှုလုပ်ခဲ့ပါတယ်။ ကွင်းလယ်လူနဲ့ ဂိုးသမားတို့ဟာ ကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေ တိုးတက်အောင် ကူညီပေးဖို့ စာချုပ်ပါ လစာကို ညှိနှိုင်းပေးဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

တိုက်စစ်မှုး လူကာကူဟာ နောက်နွေရာသီပြီးရင် အင်တာမှာ ဆက်နေဖို့ မဖြစ်နိုင်လောက်ပါဘူး။ အင်တာဟာ သူ့ကို အပြီးသတ် ဝယ်ယူမယ့်အစား နောက်တစ်နှစ် အငှားဆက်ခေါ်ဖို့ကနဦးမျှော်လင့်ခဲ့ပေမယ့် ချယ်ဆီးရဲ့ နည်းဗျူဟာက ပြောင်းလဲတော့မှာပါ။ ချယ်ဆီးဟာ ရာသီကုန်မှာ သူ့ကို စတန်းဖို့ဒ်ဘရစ်ချ်ထံ ပြန်ခေါ်ပြီး ပြောင်းရွှေ့ကြေး ပမာဏ များများနဲ့ ရောင်းချဖို့ကြိုးစားနိုင်ဖွယ်ရှိတာကြောင့် အငှားပဲ ခေါ်ချင်တဲ့ အင်တာအတွက် မဖြစ်နိုင်တော့ပါဘူး။

လီဗာပူးဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီ ကလန်ရိုက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေပြီး ကမ္ဘာ့ဖလားမှာ ၎င်းကို စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ကွင်းလယ်လူတစ်ယောက် ရှာဖွေနေတာဖြစ်ပြီး ရိုက်စ်နဲ့ သူ့ အင်္ဂလန်အသင်းဖော် ဂျူ့ဒ်ဘယ်လင်ဟမ်ကို ချိတ်ဆက်နေခဲ့တာပါ။ ယာဂန်ကလော့ပ်ဟာ ဝက်စ်ဟမ်းကြယ်ပွင့်ကို သဘောကျတဲ့ သူလဲ ဖြစ်ပါတယ်။

ချယ်ဆီးဟာ လိုက်ပ်ဇစ်နောက်ခံလူ ဂျော့စကို ဂဗာဒီအိုလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ သူတို့ဟာ အရင်တုန်းက အသက် ၂၀ အရွယ် ကစားသမားအတွက် ယူရိုသန်း၈၀ နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့သေးပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်က ပယ်ချခဲ့တာပါ။ ဒါပေမယ့် သူတို့ဟာ ၂၀၂၃ မှာ ၎င်းကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေသေးတာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ဇန်နဝါရီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာချင်နေပါတယ်။ ထိပ်တန်း အသင်းများစွာက သူ့ကို လိုချင်ကြတာနဲ့ အတူ သင့်တော်တဲ့ ကမ်းလှမ်းမှုရရင် သူ့ကို ရောင်းပေးဖို့ တိုက်စစ်မှူးက ကလပ်ကို တိုက်တွန်းနေတာပါ။ မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ လိုအပ်တဲ့ ငွေပမာဏကို ပေးနိုင်ခြေ အရှိဆုံး အသင်းဖြစ်ပေမယ့် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် တို့ကလဲ ဖြစ်နိုင်ခြေရှိတဲ့ အသင်းတွေပါ။

ဂျူဗင်တပ်ဟာ ဆမ်မြူရယ် အီလင်းဂျူနီယာရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေနေပြီး မကြာခင်မှာ သဘောတူညီမှု ရရှိတော့မှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ဇန်နဝါရီမှာ သူတို့ရဲ့ တိုက်စစ်ကိုမြှင့်တင်ဖို့ ဆီဗီလာရဲ့ အန်နက်ဆရီကို ပစ်မှတ်ထားနေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ကမ္ဘာ့ဖလားမှာ ၎င်းရဲ့ ခြေစွမ်းကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး ၎င်းအတွက် အပြောင်းအရွှေ့လုပ်လာနိုင်ဖွယ် ရှိပါတယ်။

လူစီယန် ဖေဗရီဟာ ရာသီကုန်အထိ နိုက်စ်မှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ မကြာသေးခင်ကပဲ နည်းပြရဲ့ အနာဂတ်က မေးခွန်းထုတ်စရာဖြစ်လာပေမယ့် အနည်းဆုံးတော့ သူက ၂၀၂၂-၂၃ ရာသီကုန်အထိ ဆက်နေသွားမှာ ဖြစ်ပါတယ်။