ပြင်သစ် နည်းပြလုပ်တော့မယ့် ဇီဒန်း၊ ရော်နယ်ဒို ကို မခေါ်လိုတဲ့ ရီးရဲလ်၊ အန်ကွန်ကူ၊ ပူလီဆစ်တို့နဲ့ ယနေ့ညပိုင်း အပြောင်းအရွှေ့ သတင်းများ

ဇီဒန်းဟာ ကမ္ဘာ့ဖလားပြီးရင် ပြင်သစ်အသင်းရဲ့နည်းပြ ဖြစ်လာတော့မှာပါ။ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း၊ ဂန္တဝင် ကွင်းလယ်လူဟာ ဇန်နဝါရီကနေစပြီး ဒီဒီယာ ဒက်ချမ့်နေရာမှာ အစားထိုးဖို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ သဘောတူညီမှု ရခဲ့ပြီးပြီ ဖြစ်ပါတယ်။

ခရစ္စတိုဖာ အန်ကွန်ကူဟာ ၂၀၂၃ နွေရာသီမှာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့သွားနိုင်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ကာတာကို မသွားခင် ပြင်သစ်ရဲ့ နောက်ဆုံးလေ့ကျင့်ရေးအတွင်း ရခဲ့တဲ့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကို ကုသနေတာဖြစ်ပြီး သူ ပြန်လာနိုင်မယ့်ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အိမ်မက်ဆိုးကနေ ကယ်တင်ဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ကာလတိုစာချုပ်အနေနဲ့ ဘာနေဗျူကို သူပြန်လာဖို့ ထင်ကြေးပေးခံခဲ့ရပေမယ့် စပိန်ဘီလူးတွေဟာ ဘန်ဇီးမား၊ ရိုဒရီဂိုတို့နဲ့ပဲ ဆက်သွားချင်ပြီး ၎င်းကို ပြန်မခေါ်ချင်နေပါဘူး။

အက်သလက်တီကို မက်ဒရစ်ဟာ ကလပ်ကနေ ထွက်ခွာချင်နေတဲ့ ဂျာအိုဖီးလစ်အတွက် ဘာကမ်းလှမ်းမှုမှ မရရှိခဲ့ပါဘူး။ ပေါ်တူဂီသားဟာ ဇန်နဝါရီမှာ စောနိုင်သလောက်စောပြီး အသင်းသစ် ရှာဖွေဖို့ စိတ်အားထက်သန်နေတာနဲ့အတူ အရင်ဆုံး အငှားထွက်ခွာဖို့က ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်ပါတယ်။

ပူလီဆစ်ဟာ စီးရီးအေမှာ သူ့ကစားသမားဘဝကို ဆက်သွားတော့မှာဖြစ်ပါတယ်။ အမေရိကန်ကြယ်ပွင့်ဟာ ပုံမှန် ပွဲကစားချိန် ပိုလိုချင်နေပြီး ချယ်ဆီးကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာပါ။ အင်တာနဲ့ ဂျူဗင်တပ်တို့က ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြတာနဲ့အတူ အီတလီဟာ သူ့ကစားသမားဘဝကို ရှေ့ဆက်ဖို့ အသင့်တော်ဆုံးနေရာ ဖြစ်နိုင်ပါတယ်။

နယူးကာဆယ် ယူနိုက်တက်ဟာ မွန်ချင်ဂလက်ဘက် တိုက်စစ်ကစားသမား မားကပ် သူရမ်တွေကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ သူရမ်ဟာ နွေရာသီမှာ ဖရီးအေးဂျင့် ဖြစ်လာတော့မှာဖြစ်ပြီး နယူးကာဆယ်က ဇန်နဝါရီမှာ လျှော့ဈေးနဲ့ ခေါ်ယူနိုင်ဖို့ အလိုရှိနေတာပါ။

ဘုန်းမောက်နဲ့ အဲဗာတန်တို့ဟာ လိဒ်စ်နည်းပြဟောင်း မာဆယ်လို ဘီအယ်ဆာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကနေ လက်လျှော့သွားခဲ့ပါတယ်။ ဘုန်းမောက်ဟာ ယာယီနည်းပြဘဝ ၃လကြာပြီးနောက် ဂယ်ရီအိုနေးလ်ကို အမြဲတမ်းနည်းပြအဖြစ် တိုးမြှင့်ခန့်အပ်သွားမှာဖြစ်ပါတယ်။

မန်းဖစ်ဒီပိုင်းဟာ ကမ္ဘာ့ဖလားအတွက်ပဲ အာရုံစိုက်ထားချင်ပြီး ဇန်နဝါရီမှာ ဘာစီလိုနာကနေ ထွက်ခွာဖို့အကြောင်းကို မစဉ်းစားသေးကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

ဘင်ဖီကာဟာ ဟော့ဖန်ဟိန်း ကွင်းလယ်လူ ဒန်းနစ် ဂိုင်ဂါအပေါ် စိတ်ဝင်စားမှု မရှိတော့တာနဲ့အတူ ၎င်းကိုခေါ်ယူဖို့ အဲဗာတန်ရဲ့ ကြိုးပမ်းမှုက အားတက်စရာ ဖြစ်လာခဲ့ပါတယ်။ အသက် ၂၄နှစ်အရွယ် ကစားသမားဟာ ရာသီကုန်မှာ ဂျာမန်အသင်းကနေ ထွက်ခွာနိုင်ပြီး အဲဗာတန်က သူ့ကို ခေါ်ယူဖို့ စိတ်အားထက်သန်မှုကို ပြသခဲ့တာဖြစ်ပါတယ်။