ရက်ဖို့ဒ်ကို ချုပ်ဦးမယ့် ယူနိုက်တက်၊ အေဗရာဟမ်၊ ကက်ဆီ၊ ဖာနန်ဒက်စ် တို့နဲ့ ယနေ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ကို နောက်ထပ် သက်တမ်းတိုးနိုင်မယ် လို့ ယုံကြည်ချက် ရှိနေပါတယ်။ ကမ္ဘာ့ဖလား မှာ ရက်ဖို့ဒ်ဟာ ပုံစံကောင်းတွေ ပြသနေတာပါ။

ကမ္ဘာ့ဖလားမှာ ဂါနာအသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ အေဂျက် တောင်ပံ တိုက်စစ်သမား မိုဟာမက် ကူဒက်စ် ကို လိုချင်တဲ့ ကလပ်တွေ များစွာ ထွက်ပေါ်လာနေပါတယ်။ အေဂျက်က ပေါင် သန်း ၃ဝ သတ်မှတ်ထားတဲ့ ကူဒက်စ် ကို ပရီးမီးယားလိဂ်မှ နယူးကာဆယ် အပြင် ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ လိုင်ယွန်၊ နာပိုလီနဲ့ အက်သလက်တီကို မက်ဒရစ် တို့က စိတ်ဝင်စားနေနပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ ရိုးမား တိုက်စစ်မှုး တမ်မီ အေဗရာဟမ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မော်ရင်ညို ကလည်း အင်္ဂလန်သားရဲ့ ဒီရာသီ ခြေစွမ်းကို သဘောမကျ ဖြစ်နေတာကြောင့် ရောင်းချလိုနေပါတယ်။ ဒါပေမယ့် ချယ်ဆီးက အေဗရာဟမ် ကို ရောင်းချစဉ်မှာ ပြန်ဝယ်ခွင့် ထည့်သွင်းထားတာကြောင့် လန်ဒန်ကလပ်ရဲ့ သဘောထားကိုလည်း စောင့်ကြည့်ရဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ် ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စိတ်ဝင်စား စောင့်ကြည့်လာကြောင်း ပေါ်တူဂီ ဘက်က သတင်းတွေက ဖော်ပြလာပါတယ်။

အင်တာမီလန် အသင်းရဲ့ စိတ်ဝင်စားမှု ခံနေရပေမယ့် ဘာစီလိုနာ ကွင်းလယ် ကစားသမား ဖရန့် ကက်ဆီ ဟာ ကတ်တလန် ကလပ်မှာပဲ ပျော်ရွှင်နေကြောင်း အေးဂျင့် ဖြစ်သူ က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ PSV ကစားသမား ဂတ်ပို ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။ သရဲနီတွေက ကစားသမားနဲ့ တောက်လျောက် ဆက်သွယ်နေပြီး ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅ဝ အထက် ဆိုရင် PSV လက်ခံနိုင်ဖို့ ရှိနေပါတယ်။

လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ စပါး နည်းပြဟောင်း ပိုချက်တီနို က နိုင်ငံအသင်း နည်းပြ လုပ်ဖို့ အရင် က မစဉ်းစားခဲ့ပေမယ့် ခုနေမှာ လမ်းဖွင့်ထားပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းဟာ လူငယ် ကစားသမား Billy Koumetio ကို ပွဲကစားချိန် ပိုရဖို့ သြစတြီးယား ကလပ် Austria Vienna ထံ အငှားလွှတ်ခဲ့ပေမယ့် စက်တင်ဘာလတည်းက စလို့ တစ်ကြိမ်သာ ပွဲထွက်ခွင့် ရတာကြောင့် အငှား စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေပါတယ်။