ဂျူဗင်တပ်ကို အကြွေးတောင်းတဲ့ ရော်နယ်ဒို၊ ဘယ်ဂျီယံ နည်းပြ ဖြစ်ဖို့ ရေပန်းစားလာတဲ့ ကွန်ပနီနဲ့ နောက်ဆုံးရ ဘောလုံး သတင်းတိုများ

ဗင်းဆင့် ကွန်ပနီဟာ ဘယ်ဂျီယံ နည်းပြ အဖြစ် ရောဘတ်တို မာတီနက်ဇ်နေရာကို အစားထိုးမယ့် ဆန်ကာတင် စာရင်းထဲမှာ ပါဝင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မွန်ချင်ဂလာဘတ်မှ ဆွစ် လက်ရွေးစင် ဂိုးသမား ရမ် ဆွန်မာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆွန်မာရဲ့ စာချုပ်ကလည်း နောက်နှစ်နွေမှာ ကုန်ဆုံးမှာ ဖြစ်လို့ ယူနိုက်တက် တို့ အလွတ်နဲ့ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။

ရာဟင်း စတာလင်ဟာ သူ့မိသားစု လုံခြုံစိတ်ချရတဲ့အချိန်ကျမှ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လာဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး နည်းပြ ဆောက်ဂိတ်ကလည်း ဒါကို ဖိအားပေး ပြန်ခေါ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ တောင်ကိုရီးယားနဲ့ပွဲမှာ လူစားလဲခံရလို့ ရော်နယ်ဒိုရဲ့ ဒေါသထွက်နေတဲ့ တုံ့ပြန်မှုကို သတိပေးခဲ့ပြီးနောက် ဆွစ်ဇာလန်နဲ့ပွဲမှာ သူ ပွဲထွက်ခွင့်ရမှာလားဆိုတာ အဓိက သံသယဖြစ်စရာ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဟာလန်း ကို မခေါ်ရဘူးဆိုတဲ့ ကတိတစ်ခု ပေးခဲ့ပြီးနောက် ဘရာဇီးလူငယ်ကြယ်ပွင့် အန်းဒရစ်ကို ခေါ်ယူနိုင်ဖို့ အခွင့်အလမ်းက ပိုများလာခဲ့ပါတယ်။

ဆွစ်ဇာလန်နဲ့ ၁၆သင်းအဆင့်ပွဲမှာ ရော်နယ်ဒိုကို ချန်လှပ်ထားချင်လားဆိုတာနဲ့ပတ်သက်ပြီး ပေါ်တူဂီသတင်းစာ A Bola က မဲခွဲမှုတစ်ခု လုပ်ခဲ့ရာမှာ စာဖတ်သူ ၇၀ ရာခိုင်နှုန်းက ချန်ထားဖို့ ထောက်ခံခဲ့ကြပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းဟောင်း ဂျူဗင်တပ်ထံကနေ ရစရာရှိတဲ့ ပေါင် ၁၇ သန်း ကို တောင်းဆိုဖို့ သူ့ရှေ့နေတွေကို ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ဆီနီဂေါကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားတဲ့အတွက် အင်္ဂလန်ပရိသတ်တွေရဲ့ ပျော်ရွှင်မှုဟာ ကွင်းထဲလာ အားပေးကြတဲ့ ပရိသတ်တွေကြား အချင်းများမှုတွေကြောင့် ပျက်ဆီးခဲ့ရပါတယ်။

ဘောလုံးဂန္တဝင်၊ လက်ရှိ ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်တဲ့ ဆမ်မြူရယ် အီတူးဟာ ကမ္ဘာ့ဖလားက ကွင်း တစ်ကွင်းပြင်ပမှာ လူတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ထိတ်လန့်စရာ ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ်ဟာ တခြားကလပ် အာဆင်နယ်ထံ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေတာကြောင့် ဘာစီလိုနာ အကြီးအကဲတွေဟာ သူ့ကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီလို့ သိရပါတယ်။