မန်ချက်စတာ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်နဲ့ ဒါလော့ တို့ရဲ့ စာချုပ်တွေကို သက်တမ်းတိုး ဖို့ စီစဉ်နေပါတယ်။ တကယ်လို့ သက်တမ်းတိုး သဘောတူညီမှု မရခဲ့ရင်လည်း တစ်နှစ်တိုးခွင့်ကို အသက်သွင်းကာ အချိန်ယူ ညှိနှိုင်းဖွယ် ရှိပါတယ်။
မန်းဖစ် ဒီပေး ကို အာဆင်နယ်နဲ့ ယူနိုက်တက် တို့ ချိတ်ဆက်နေကြတယ် သတင်း ထွက်နေပေမယ့် အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နို ကတော့ နှစ်သင်းလုံးက ဆွေးနွေးနေခြင်း မရှိကြသေးကြောင်း ဖော်ထုတ်ထားပါတယ်။
ဒါ့အပြင် ယူနိုက်တက် ကင်းထောက်တွေဟာ ပေါ်တူဂီ လူငယ်တိုက်စစ်မှုး ဂွန်ကာလို ရာမို့စ် ကို ကမ္ဘာ့ဖလား ကာလမှာ စောင့်ကြည့်နေကြောင်း ရိုမန်နို က ဆိုပါတယ်။

လီဗာပူး တိုက်စစ်ကစားသမား ဖာမင်နိုဟာ ဆော်ဒီကလပ် အယ်နာဆာရဲ့ ပစ်မှတ်ထားခြင်း ခံလာခဲ့ရပြီး ရာသီကုန်ရင် စာချုပ်ကုန်တော့မယ့် ဘရာဇီးသားဟာ ဇန်နဝါရီမှာ ပြည်ပကလပ်တွေနဲ့ စာချုပ်ကိစ္စ ဆွေးနွေးခွင့် ရရှိတော့မှာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ တောင်ကိုရီးယား နောက်ခံလူ ကင်မင်ဂျယ် ကို ခေါ်ဖို့ ပြန်လည် စိတ်ဝင်စားလာပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကင်မင်ဂျယ် ကို ယူနိုက်တက် ပေါင် ၃သန်းလောက်နဲ့ ခေါ်လို့ရနိုင်ခဲ့ပေမယ့် အခုချိန်မှာ နာပိုလီကို ၁၀ဆလောက် ပိုပေးရနိုင်ဖွယ် ရှိပါတယ်။
ဘယ်လ်ဂျီယံ အသင်းရဲ့ ကမ္ဘာ့ဖလား အိပ်မက် စောစော ပျက်ပြယ်သွားတဲ့နောက် အီဒင် ဟာဇက်ဟာ ရီးရဲလ် မက်ဒရစ်ကနေ ထွက်ခွာဖို့ ကြံရွယ်နေပြီး မေဂျာလိဂ် သို့ ပြောင်းရွှေ့ ဖွယ် ရှိနေပါတယ်။

ချယ်ဆီး တိုက်စစ်ကစားသမား ဟာကင် ဇီယက်ချ်ဟာ လစာတိုးတောင်းဆိုခဲ့တဲ့နောက် အေစီမီလန်ထံ ပြောင်းရွှေ့ဖို့ကို သူ့ဘာသာသူ ဖျက်ဆီးသလို ဖြစ်သွားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ဟာ မော်ရိုကိုကြောင့် ပေါ်တူဂီ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဖာနန်ဒို ဆန်းတို့စ်အပေါ် ဆိုရှယ်မီဒီယာကနေ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။
