ဘယ်လင်ဟမ် အတွက် လီဗာပူးက ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးမှ ရမလဲ ရိုမန်နို ဖော်ထုတ်

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်ဟာ နောက်နှစ်နွေမှာ ဒေါ့မွန် ကြယ်ပွင့် ဂျု့ဒ် ဘယ်လင်ဟမ် ကို ခေါ်ဖို့ အလေးအနက် ကြိုးစားနေကြောင်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ဆိုပါတယ်။

ဒါပေမယ့် ဘယ်လင်ဟမ် ကို အလိုရှိတာက လီဗာပူး တစ်သင်းတည်းတင် မဟုတ်ဘဲ တခြား ကလပ်တွေလည်း အပြိုင် ရှိနေပြီး အင်္ဂလန် တိုက်စစ်သမားကို ခေါ်ဖို့ ဆိုရင် အနည်းဆုံး ယူရို သန်း ၁ဝဝ သုံးမှ ရမယ်လို့ ရိုမန်နိုက ဖော်ထုတ် လိုက်ပါတယ်။

ဘယ်လင်ဟမ် ဟာ ဒီကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့ အတူ အစွမ်းပြနေပြီး လီဗာပူး ကစားသမားတွေ ဖြစ်တဲ့ ဟန်ဒါဆန်၊ ထရန့် တို့နဲ့လည်း အတော် ခင်မင်ရင်းနှီး အဆင်ပြေနေပုံ ရပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း လီဗာပူး ထံ ပြောင်းဖို့ လိုလားကြောင်း သတင်း ထွက်နေတာပါ။

ဒါပေမယ့် လီဗာပူးနဲ့ ဘယ်လင်ဟမ် ကြားမှာ နောက်နှစ် နွေ အပြောင်းအရွှေ့ အတွက် ဘာ သဘောတူညီမှုတော့ ရရှိထားခြင်း မရှိသေးပါဘူး။

အသက် ၁၉ နှစ် အရွယ် အင်္ဂလန်သားကို မန်ချက်စတာ စီးတီး၊ ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ကလည်း ခေါ်ယူလိုနေတာပါ။ ဒေါ့မွန်ကတော့ လာမယ့် လတွေ အတွင်း သူတို့ ကစားသမား အတွက် တန်ကြေး သတ်မှတ်ပြီး ကမ်းလှမ်းမှုတွေ အား လက်ခံဆွေးနွေးဖွယ် ရှိပါတယ်။

ကစားသမားရဲ့ ဆန္ဒ အရ ဘယ်လင်ဟမ် ကို ရဖို့ လီဗာပူး ရေပန်းစားပေမယ့် ဒေါ့မွန် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ မြင့်မြင့်မားမား ပေးမှသာ ရရှိဖွယ် ရှိနေပါတယ်။