စီ ရော်နယ်ဒိုဟာ သူ့ရဲ့ ကလပ်အသင်းသစ် ရှာဖွေနေမှုမှာ ကိုယ်တိုင် တိုက်ရိုက် ဆွေးနွေးနေပြီး အေးဂျင့် ဂျော့မန်ဒက်စ် နဲ့ လမ်းခွဲဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဂျင်တီးနား ကြယ်ပွင့် မက်ဆီဟာ စာချုပ်သက်တမ်း တိုးပြီးတော့ ပီအက်စ်ဂျီနဲ့အတူ ဆက်နေသွားနိုင်ပါတယ်။ မက်ဆီက အင်တာ မိုင်ယာမီကို သွားဖို့ ဒါမှမဟုတ် ဘာစီလိုနာထံ ပြန်ဖို့ ထင်ကြေးပေးခံခဲ့ရပေမယ့် အခုချိန်မှာ အဲ့ဒီ ဖြစ်နိုင်ခြေတွေက လျော့နည်းသွားခဲ့တာပါ။

စပါးအသင်းဟာ နောက်နွေရာသီမှာ ဇာဟာကို ဖရီးအေးဂျင့်အနေနဲ့ ခေါ်ယူချင်နေပါတယ်။ ပဲလေ့စ်တိုက်စစ်မှူးဟာ ဇွန်လမှာ စာချုပ် ကုန်တော့မှာဖြစ်ပြီး စပါးက အဲ့အခွင့်အရေးကို ဖမ်းဆုပ်ချင်နေတာပါ။ ဒါပေမယ့် သူတို့ဟာ အာဆင်နယ်နဲ့ အပြိုင်ကြိုးစားရပါလိမ့်မယ်။
ဘာစီလိုနာဟာ တိုရီနို ညာနောက်ခံလူ ဝဲလ်ဖရိုင်း ဆင်ဂိုကို စိတ်ဝင်စားနေပါတယ်။ အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ စီးရီးအေကလပ်မှာ ၄နှစ်ကြာခဲ့ပြီး ၂၀၂၄ မှာ စာချုပ်သက်တမ်းကုန်မှာပါ။ တိုရီနိုဟာ နောက်ခံလူနဲ့ ဆွေးနွေးညှိနိုင်းမှုတွေ စတင်ခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဘာသဘောတူညီမှုမှ မရခဲ့ပါဘူး။
လီဗာပူးအသင်းဟာ ဒီယက်စ် ဒူးခွဲစိတ်မှုကြောင့် ၃လကြာ နားရမှာ ဖြစ်လို့ ချယ်ဆီး တိုက်စစ်သမား ပူလီဆစ် ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ ပူလီဆစ်ကို နယူးကာဆယ် အသင်းကလည်း ဇန်နဝါရီမှာ ခေါ်ယူလိုနေတာပါ။

ဘာစီလိုနာဟာ အန်းဂါးစ်ကနေ အက်ဇီဒင်း အူနာဟီကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ၂၂နှစ်အရွယ် ကွင်းလယ်လူဟာ ကမ္ဘာ့ဖလားမှာ မော်ရိုကိုအတွက် အထင်ကြီးစရာ ကောင်းခဲ့ပြီး ဘာကာက ဇန်နဝါရီမှာ သူတို့အသင်းကို အင်အားဖြည့်ဖို့ သူ့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
အင်တာဟာ မိုချင်ဂလက်ဘက် ကြယ်ပွင့် မားကပ် သူရမ်ကို ခေါ်ယူဖို့ကြိုးစားနေပါတယ်။ စီးရီးအေကလပ်ဟာ ၂၅နှစ်အရွယ် ပြင်သစ်သားနဲ့ သူတို့အသင်းတိုက်စစ်ကို တည်ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ၎င်းကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။
