ချယ်ဆီး အလေးအနက် ချိတ်ဆက်နေတဲ့ ဂါဗာဒီယော အတွက် လိုက်ပ်ဇစ် ဘယ်ဈေးသတ်မှတ်လဲ ရိုမန်နို ဖော်ထုတ်

ပြီးသွားတဲ့ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာ ခရိုအေးရှားအသင်းနဲ့ အတူ အထူး ခြေစွမ်းပြနေတဲ့ ဗဟိုခံစစ် သမား ဂျိုစကို ဂါဗာဒီယော ကို အင်အားကြီး ကလပ်အသင်းတွေက ချိတ်ဆက်နေကြပြီး အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နို က လိုက်ပ်ဇစ် သတ်မှတ်ထားတဲ့ တန်ကြေးကို ဖော်ထုတ်လာပါတယ်။

လိုက်ပ်ဇစ် အသင်းဟာ သူတို့ ခံစစ်မှုး အတွက် အနည်းဆုံး ပေါင် ၇၈ သန်း ရဖို့ အလိုရှိနေပြီး လတ်တလောမှာ ဂါဗာဒီယော အား စောင့်ကြည့်ဖို့ ကလပ်အသင်းကြီးတွေကနေ ကင်းထောက် စေလွှတ်မှုတွေလည်း ရှိနေပါတယ်။

ပြင်သစ် သတင်းဌာန အဆိုအရ ချယ်ဆီး၊ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ သုံးသင်းဟာ ဂါဗာဒီယော အတွက် လိုက်ပ်ဇစ် အသင်းအား ချိတ်ဆက် မေးမြန်းထားကြောင်း သိရပါတယ်။

ချယ်ဆီးကတော့ ဂါဗာဒီယော ကို အလေးအနက် စိတ်ဝင်စားနေပြီး အနာဂတ်မှာ ထိပ်တန်း ကစားသမား ဖြစ်လာမယ့် သူ လို့ ရှုမြင်ထားပါတယ်။

ဂါဗာဒီယော ဟာ ကမ္ဘာ့ အကောင်းဆုံး ဗဟိုခံစစ်မှုး ဖြစ်လာနိုင်သူ အဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာ့ဖလား မစတင်ခင် တည်းက ဥရောပ ထိပ်သီး ကလပ်အသင်း တချို့ရဲ့ ပစ်မှတ်ထားခြင်း ခံနေရသူပါ။ ၎င်းရဲ့ ခရိုအေးရှား အသင်း ဟာလည်း ကမ္ဘာ့ဖလားမှာ တတိယနေရာ ရရှိခဲ့ပါတယ်။

သတင်းထောက် ရိုမန်နိုရဲ့ အဆိုအရ ဂါဗာဒီယော ရဲ့ အလားအလာ၊ အနေအထားက လာမယ့် ရက်ပိုင်း အတွင်း ဘယ်ကို အလေးသာမလဲ ရှင်းလင်း သိသာလာဖို့ ရှိတယ် လို့ သိရပါတယ်။