ကန်တေကို ခေါ်ချင်ပြီး လန့်နေတဲ့ ဘာစီလိုနာ၊ နောက်နှစ်အတွက် ရေပန်းစားလာတဲ့ နည်းပြသစ်နဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းများ

ချယ်ဆီးအသင်းဟာ အားကစား ဒါရိုက်တာသစ် အဖြစ် လိုက်ပ်ဇစ်မှ ခရစ္စတိုဖာ ဗီဗဲလ် ကို ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ၎င်းနဲ့ လက်တွဲ အလုပ်လုပ်ဖူးတဲ့ လိဒ်စ် နည်းပြ ဂျက်ဆီမာ့ချ် ကတော့ ဂျာမန်သားရဲ့ လုပ်ရည်ကိုင်ရည်ကို ချီးကျူးစကား ဆိုလာပါတယ်။

ကြာသပတေးနေ့ကတော့ ချယ်ဆီးအသင်း ဝန်ထမ်းတွေနဲ့ ကစားသမားတွေဟာ ကော့ဘ်ဟမ်း ထရိန်နင်မှာပဲ ခရစ္စမတ် နေ့လည်ခင်းစာ အတူ ပျော်ရွှင်စွာ စားသောက်ခဲ့ကြတယ် လို့ သိရပါတယ်။

ချယ်ဆီး ပရိသတ် အဖွဲ့ တစ်ခုကတော့ အင်္ဂလန်နဲ့ ချယ်ဆီး ကြယ်ပွင့် ရိစ် ဂျိမ်းစ်ကို ဂုဏ်ပြုဖို့ ဘန်နာ တစ်ခု ပြင်ဆင်ထားပြီး ဖော်ထုတ် ပြသလာပါတယ်။

စပိန်လက်ရွေးစင် အသင်းနဲ့ လမ်းခွဲထားတဲ့ လူးဝစ် အင်းနရစ် ဟာ နောက်ရာသီမှာ ဂရေဟမ် ပေါ်တာ နေရာ ချယ်ဆီး နည်းပြသစ် အဖြစ် အစားဝင်လာနိုင်တယ် လို့ သတင်းထွက်လာပါတယ်။ အင်္ဂလန်သားဟာ ချယ်ဆီး ကို ရလဒ်ကောင်းတွေ မယူဆောင်နိုင်ရင် နောက်နှစ်မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

ချယ်ဆီးနည်းပြဟောင်း သောမတ်စ် တူချယ်ကတော့ ဇီဒန်း၊ လူးဝစ် အင်းနရစ် တို့နဲ့ အတူ ဘရာဇီးလက်ရွေးစင် အသင်း နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

ဘာစီလိုနာ အသင်းဟာ ချယ်ဆီးကနေ စာချုပ်ကုန်လို့ အလွတ်နဲ့ ထွက်လာတော့မယ့် ကွင်းလယ်လူ ကန်တေ ကို ခေါ်ယူချင်သော်လည်း ပြင်သစ်သားရဲ့ ဒဏ်ရာ မှတ်တမ်းတွေကြောင့် တွန့်ဆုတ်နေပါတယ်။

ကန်တေဟာ ချယ်ဆီးနဲ့ ၆ နှစ်တာ ကာလအတွင်း ဒဏ်ရာ ၂၂ ကြိမ် ရဖူးကာ လန်ဒန်ကလပ် အတွက် ၉၅ ပွဲလောက် ကစားဖို့ လွဲချော်ထားပါတယ်။