ရော်နယ်ဒို သတင်းမှား၊ အန်ဇို ကို စံချိန်တင်ကမ်းလှမ်းတဲ့ ချယ်ဆီး၊ ရှက်တာ ငြင်းခံရတဲ့ အာဆင်နယ်နဲ့ အပြောင်းအရွှေ့ သတင်းများ

ဆော်ဒီကလပ် အယ်နာဆာ အသင်း ဥက္ကဌ အယ်မူယာမာ က စီရော်နယ်ဒို ရောက်လာတော့မယ် ဆိုတဲ့ သတင်းတွေ မဟုတ်မမှန်ကြောင်း ငြင်းဆန်သွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အာဂျင်တီးနား လူငယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်စ် အတွက် ဘင်ဖီကာ အား ကလပ် စံချိန်တင်ကြေး ဖြစ်စေမယ့် ယူရို ၁၂၇ သန်း (ပေါင် ၁၁၃ သန်း) နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် ဘင်ဖီကာ က ငြင်းဆန်လိုက်ပါတယ်။

ထိုပမာဏ ဟာ ၂၀၁၉ တုန်းက ဂျာအိုဖိလစ် ကို အက်သလက်တီကို မက်ဒရစ်ထံ ရောင်းလိုက်တဲ့ တန်ကြေး ထက် မြင့်ပေမယ့် ဘင်ဖီကာ ကတော့ ဒီရာသီကုန်ထိ အန်ဇို ကို အသင်းမှာ ဆက်ထိန်းထားလိုနေပါတယ်။ အန်ဇို ကို ယူနိုက်တက်နဲ့ လီဗာပူး ကလည်း ချိတ်ဆက်နေတာပါ။

အာဆင်နယ် အသင်းဟာ မူဒရစ် အတွက် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းမှု တစ်ရပ် စတင် ပြုလုပ်လိုက်ပေမယ့် ရှက်တာ ဒိုးနက်က ပယ်ချလိုက်ပါတယ်။ ယူကရိန်း အသင်းက မူဒရစ် အတွက် ပေါင် ၈၅ သန်းလောက်ထိ အလိုရှိနေပြီး ဆက်လက် ညှိနှိုင်းကြဦးမှာပါ။

အက်စတွန်ဗီလာ အသင်း စိတ်ဝင်စားနေတဲ့ နီကိုးလပ်စ် ဂျက်ဆင် ကို ဒီ ဇန်နဝါရီမှာ ခေါ်ယူလိုပါက စာချုပ် ဖျက်သိမ်းကြေး ပေါင် သန်း ၃ဝ ကို ပေးဖို့ ဗီလာရီးရဲလ်က အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ချယ်ဆီး အသင်းဟာ ဘရာဇီး ကွင်းလယ် လူငယ် အင်ဒရေ ဆန်းတို့စ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။ ပြောင်းရွှေ့ကြေး က ယူရို ၁၂.၅ သန်း + ထပ်ဆောင်း ဆုကြေးတွေ ဖြစ်ပြီး စုစုပေါင်း ယူရို သန်း ၂ဝ ထက်တော့ မပိုဘူးလို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ အပြိုင်အဆိုင် စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂိုးသမား ပစ်ဖို့ဒ် ဟာ လက်ရှိကလပ် အဲဗာတန်မှာ ဆက်ရှိနေဖို့ မရေရာဘူး ဖြစ်လာနေပါတယ်။

နယူးကာဆယ်အသင်းဟာ ချယ်ဆီး ကွင်းလယ်သမား ဂျော်ဂျင်ဟို ကို နွေမှာ ခေါ်ယူဖို့ စည်းရုံးနေတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်က တိုက်စစ်မှုးသစ် ခေါ်ယူဖို့ ရှိကြောင်း အတည်ပြု ထားပေမယ့် အသင်းကို ရောင်းချဖို့ ကြိုးစားနေတဲ့ ပိုင်ရှင် ဂလေဇာ မိသားစု ထံက အသုံးစရိတ် များစွာ မရနိုင်တာကြောင့် အငှား ကစားသမား ခေါ်ယူမှုပဲ လုပ်ရဖွယ် ရှိနေပါတယ်။