ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ချိတ်ဆက်ဖွယ်ရှိတဲ့ အဓိက ပစ်မှတ်များ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဇန်နဝါရီ ဈေးကွက်မှာ သေချာပေါက် ခေါ်ယူနိုင်မယ် သတင်းကြီးခဲ့တဲ့ ပစ်မှတ် ကစားသမား ဂတ်ပို ကတော့ လီဗာပူထံ ရောက်သွားခဲ့ပါပြီ။ နည်းပြ တန်ဟက်ကတော့ ဆောင်းမှာ ကစားသမားသစ် ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး ဖြစ်မြောက်လာဖို့ကတော့ အသင်းဘက်က ပံ့ပိုးမှု အပေါ်လည်း မူတည်နေပါတယ်။

လာမယ့် ဇန်နဝါရီဈေးကွက်အတွင်း ယူနိုက်တက်ဘက်က ချိတ်ဆက်ဖွယ် ရှိတဲ့ ကစားသမား ၅ ဦးကို နာမည်ကျော် Goal သတင်းဌာနက ခုလို စုစည်း ဖော်ပြသွားပါတယ်။

ဂွန်ကာလို ရာမို့စ် (ဘင်ဖီကာ)

ကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်း ပြသခဲ့တဲ့ ဂွန်ကာလို ရာမို့စ်ကို ဥရောပထိပ်သီးတွေ စောင့်ကြည့်နေကြတာပါ။ အဲ့ဒီ့ထဲမှာ ယူနိုက်တက်လည်း ပါဝင်နေပေမယ့် ဒီရာသီ ဘင်ဖီကာအတွက် ပရီမီယာလီဂါ ၁၁ ပွဲမှာ ၉ဂိုးသွင်းထားတဲ့ ရာမို့စ်ကို ခေါ်ယူဖို့ဆိုရင် ငွေကုန်ကြေးကျ များပါလိမ့်မယ်။

ဗစ်တာ အော့ဆင်ဟမ် (နာပိုလီ)

အော့ဆင်ဟမ်ဟာ ဒဏ်ရာကြောင့် ပွဲတော်တော်များများကို လွဲချော်ခဲ့ရပေမယ့် ပြိုင်ပွဲစုံ ၁၄ပွဲမှာ ၁၀ဂိုး သွင်းယူ ထားနိုင်ဆဲပါ။ သူ့ရဲ့ အကောင်းဆုံး အရည်အသွေးတွေဖြစ်တဲ့ အရှိန်အဟုန်၊ ကြံ့ခိုင်မှု၊ ပါးနပ်မှုနဲ့ နည်းစနစ်တွေဟာ ဒီရာသီ သွင်းဂိုး နည်းပါးနေတဲ့ ယူနိုက်တက်အသင်းမှာ လိုအပ်နေမှုပါပဲ။

ဂျာအိုဖီးလစ် (အက်သလက်တီကိုမက်ဒရစ်)

ဖီးလစ်ဟာ ၂၀၁၉ မှာ ပေါင် ၁၁၃ သန်းနဲ့ မက်ဒရစ်ကို ရောက်လာပြီးကတည်းက အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး သူ့ကို ရောင်းချနိုင်ဖွယ်ရှိကြောင်း ကလပ်ဥက္ကဌက ဝန်ခံခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဖီးလစ်ကို ကမ်းလှမ်းမှု လုပ်ဖွယ်ရှိပြီး ၎င်းအနေနဲ့ တနိုင်ငံတည်းသား ဖာနန်ဒက်စ်၊ ဒါးလော့တို့နဲ့ ပြန်လည် ပေါင်းစည်းရနိုင်ဖွယ် ရှိပါတယ်။

ဒီယိုဂိုကော်စတာ (ပေါ်တို)

ဒီယိုဂိုကော်စတာဟာ မန်စီးတီးက အီဒါဆန်လိုမျိုး အကောင်းဆုံး မော်ဒန်ခေတ် ဂိုးသမားတွေထဲ ပါဝင်သူဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပင်နယ်တီ ၃ ကြိမ် ကာကွယ်ခဲ့ပြီး လိဂ် ၁၃ ပွဲမှာ clean sheet ၆ကြိမ် ရရှိခဲ့ပါတယ်။ ကစားသမားဘဝ တိုးတက်မှုတွေအဖြစ် ဖော်ထုတ်လို့ရသေးတဲ့ အစွမ်းအစတွေ ကော်စတာမှာ အများကြီး ရှိနေပါတယ်။

ဒန်ဇယ် ဒမ်ဖရိုင်းစ် (အင်တာမီလန်)

နယ်သာလန်ရဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အထိ ခရီးစဉ်မှာ ဒမ်ဖရိုင်းစ်ထက် အရေးပါတဲ့ ကစားသမား မရှိခဲ့ပါဘူး။ သူ့စိတ်ကြိုက် ညာတောင်ပံ-ခံစစ် နေရာမှာ ကစားခဲ့တဲ့ ဒမ်ဖရိုင်းစ်ဟာ တန်ဖိုးဖြတ်လို့ မရတဲ့ တိုက်စစ်ပိုင်း ပံ့ပိုးမှုတွေအပြင် ခံစစ်က တာဝန်တွေကိုပါ မလစ်ဟင်းစေခဲ့ပါဘူး။