အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့် ဂျာအိုဖိလစ်ကို ခေါ်ယူရေး အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ နှစ်သင်းလုံးက ဆက်သွယ် ချိတ်ဆက်နေခဲ့တာပါ။
အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ နည်းပြ ဆီမြွန်နီနဲ့ အဆင်မပြေတာကြောင့် ဒီလထဲမှာ အသင်းပြောင်းဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဖိလစ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက အက်သလက်တီကို အသင်းထံ ပေါင် သန်း ၁၃၀ နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။
ဒါပေမယ့် အက်သလက်တီကိုမှာ အံမဝင်တာကြောင့် ၎င်းရဲ့ အေးဂျင့် ဂျော့မန်ဒက်စ် က အသင်းသစ် ရှာဖွေပေးဖို့ ကြိုးစားနေပြီး ပရီးမီးယားလိဂ် ကလပ်တွေကိုလည်း ဆက်သွယ်နေပါတယ်။
မန်ချက်စတာစီးတီးနဲ့ လီဗာပူးတို့ကတော့ ဖိလစ်ကို မခေါ်ယူလိုပေမယ့် ချယ်ဆီး၊ ယူနိုက်တက်နဲ့ အာဆင်နယ် တို့ သုံးသင်းလုံးကတော့ စိတ်ဝင်စားနေပါတယ်။ အက်သလက်တီကိုက ဖိလစ် ကို ပေါင် ၁၈ သန်းနဲ့ ၆ လ အငှား ချထားလိုနေပါတယ်။
ဒါပေမယ့် ဘယ် ပရီးမီးယားလိဂ် ကလပ်ကမှ ထို အငှားကြေးလောက်ကို ပေးလိုခြင်း မရှိတာကြောင့် ပေါင် ၉ သန်းနဲ့ ပဲ အက်သလက်တီကိုတို့ ဈေးလျှော့ပေးဖို့ နီးစပ်နေပါတယ်။ လာလီဂါကလပ်ကသာ အငှားကြေးကို ညှိပေးမယ် ဆိုရင် အာဆင်နယ် အသင်းကတော့ အခြား ပြိုင်ဘက်တွေထက် ဖိလစ်ကို ခေါ်ယူရေးမှာ ဝှက်ဖဲ ထုတ်သုံးကာ ဖိလစ်ကို စည်းရုံးဖို့ ရှိနေပါတယ်။
အာဆင်နယ်ရဲ့ ဝှက်ဖဲကတော့ ကွင်းလယ်ကစားသမား သောမတ်စ် ပါတေး ဖြစ်ပြီး ဂါနာသားဟာ အာဆင်နယ်ထံ ပြောင်းမလာခင် ဖိလစ်နဲ့ ရင်းနှီးတဲ့ အသင်းဖော်တွေ ဖြစ်ကြပါတယ်။ ခုထိလည်း အဆက်သွယ် မပြတ် ရှိနေကြသူတွေ ဖြစ်ပါတယ်။
ပါတေးရဲ့ အာဆင်နယ် အသင်းကလည်း ဒီရာသီ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ထိပါ အခြေအနေ ကောင်းမွန်နေပြီး ဖိလစ်ကို ဆွဲဆောင်နိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ အာဆင်နယ်ကတော့ ဂျေးဆု ဒဏ်ရာ ရနေချိန်မှာ ဖိလစ်ကို အစားထိုး သုံးဖို့ ရည်ရွယ်နေပါတယ်။
ဖိလစ်ရဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းဖော်တွေလည်း မန်ချက်စတာ ယူနိုက်တက်မှာ ရှိနေကြပြီး ချယ်ဆီးကတော့ ပုံမှန် ပွဲ ကစားခွင့်နဲ့ စည်းရုံးဖွယ် ရှိနေပါတယ်။ ဂျာအိုဖိလစ် တစ်ယောက် ပရီးမီးယားလိဂ် ရောက်လာဖို့ အက်သလက်တီကိုရဲ့ တောင်းဆိုမှုတွေကိုတော့ အရင်ညှိနှိုင်းရဦးမှာ ဖြစ်ပါတယ်။