ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အသင်းသစ် အယ်နက်ဆာဟာ ပေါ်တူဂီသားရဲ့ အသင်းဖော်ဟောင်းနှစ်ယောက်ဖြစ်တဲ့ ရာမို့စ်နဲ့ မိုဒရစ်ကို ခေါ်ယူဖို့ ရဲတင်းတဲ့ ကမ်းလှမ်းမှုတွေ လုပ်ဖို့ စီစဉ်နေပါတယ်။
ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက လီဗာပူးအသင်းဟာ လိုက်ဇစ် တိုက်စစ်သမား အန်ကူကူကို ခေါ်ယူခွင့်ရခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အန်ကူကူက ချယ်ဆီးထံ ပေါင် ၆၃ သန်းဖြင့် ပြောင်းဖို့ သဘောတူညီမှု ရခဲ့တာ လို့ သိရပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာရဲ့ စာချုပ်သက်တမ်းက နောက်ဆုံးလတွေထဲ ရောက်လာပြီဖြစ်သလို ဘာစီလိုနာက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။
အာဆင်နယ်အသင်းရဲ့ မူဒရစ်အတွက် ဒုတိယမြောက် ကမ်းလှမ်းမှုဟာ ပယ်ချခံခဲ့ရတဲ့နောက် ချယ်ဆီးအသင်း ကလည်း အပြောင်းအရွှေ့မှာ ဝင်ပါလိုနေပြီး ဒီတစ်ပတ် လန်ဒန်မှာ ချယ်ဆီးနဲ့ ရှက်တာဒိုးနက် တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးပစ်မှတ် အန်ဇို ဖာနန်ဒက်ဟာ အာဂျင်တီးနားမှာ ကလပ်ရဲ့ ခွင့်ပြုချက်မပါဘဲ တစ်ပတ် အချိန်ဖြုန်းခဲ့ပြီးနောက် မနေ့က ဘင်ဖီကာ လေ့ကျင့်ရေးကို ပြန်ရောက်လာခဲ့ပါတယ်။ အန်ဇို အတွက် ချယ်ဆီး ကမ်းလှမ်းမှုကလည်း စာချုပ် ဖျက်သိမ်းကြေးထိ မရောက်လို့ သဘောတူညီမှု မရသေးဘဲ ဖြစ်နေတာပါ။
မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ပြင်သစ် လက်ရွေးစင် ရန်ဒယ်ကိုလို မူအာနီကို စိတ်ဝင်စားနေ ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား အောင်မြင်မှုအပြီး မနေ့က ပီအက်စ်ဂျီနဲ့ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပြီ ဖြစ်ကာ ကလပ်အသင်းဖော်တွေက ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။ မက်ဆီဟာ ဒီရာသီကုန်မှာလည်း ပီအက်စ်ဂျီမှာ ဆက်နေဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

ဆောက်သမ်တန် ဟာ ဒိုင်နမိုဇာဂရက် ကွင်းလယ်လူ မီဆလပ် အော်ဆစ်ကို ပေါင် ၇.၅ သန်းနဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
အေစီမီလန်က လီယာအိုကို တန်ဖိုးကြီးမားတဲ့ စာချုပ်ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့တဲ့နောက် သူ့ကို ခေါ်ယူဖို့ ကြိုးစားလိုနေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါပြီ။
ယူနိုက်တက်က ပရီးမီးယားလိဂ် အဆင့်ရပ်တည်မှုမှာ နေရာကောင်းကို ပိုင်ဆိုင်လာတာကြောင့် ဇန်နဝါရီမှာ နည်းပြတန်ဟက်အတွက် လူအင်အား ဖြည့်တင်းမှု လုပ်ပေးဖို့ ဘုတ်အဖွဲ့က စဉ်းစားလာနေပါပြီ။

မော်ရင်ညိုဟာ ပေါ်တူဂီနည်းပြသစ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းထွက်နေပေမယ့် ရိုးမားဒါရိုက်တာ ပင်တိုက သူတို့အသင်း မန်နေဂျာဟာ အီတလီမှာပဲ ဆက်ရှိနေမှာပါလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
အေစီမီလန်နဲ့ ပြင်သစ်တိုက်စစ်မှူး ဂျီရူးဟာ မေဂျာလိဂ်ကလပ် တချို့ရဲ့ စိတ်ဝင်စားမှု ရှိနေတာနဲ့အတူ အမေရိကားကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေ ရှိလာပါတယ်။
နွေအပြောင်းအရွှေ့ကမှ ဝက်ဖို့ဒ်ကနေ ပေါင် ၁၅ သန်းနဲ့ နော်တင်ဟမ် ဖောရတ်စ် အသင်းထံ ပြောင်းလာခဲ့တဲ့ အီမန်နူရယ် ဒန်းနစ်ဟာ ၅ လ အကြာမှပဲ ဖောရတ်စ်ကနေ ထွက်ခွာရဖို့ ရှိနေပါတယ်။
