ရော်နယ်ဒို အမှားကို ဥပမာယူပြီး မန်ချက်စတာယူနိုက်တက် က အသင်းတွင်း စည်းမျဉ်းသစ် တစ်ခု ထုတ်

မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ်ရဲ့ အဝတ်လဲခန်းအတွင်း အသင်းဖော်တွေ ကြားမှာ လုပ်ခလစာအတွက် ပြဿနာကြီးတွေ မပေါ်ပေါက်စေရေး ‘Ronaldo rule’ တစ်ခုကို မိတ်ဆက်သွားတော့မယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ရော်နယ်ဒိုလို ကစားသမားကို ခေါ်ယူခဲ့တဲ့နောက် ကလပ် အတွင်းပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာမျိုး နောက်တစ်ကြိမ် ထပ်မပေါ်ဖို့အတွက် လုပ်ခပိုင်း ကွာဟချက်ကို ကန့်သတ်တဲ့ စည်းမျဉ်းတစ်ခုကို မိတ်ဆက်ဖို့ ယူနိုက်တက် တာဝန်ရှိသူတွေ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

အဝတ်လဲခန်းတွင်း မနာလိုမှုတွေကို ရှောင်ရှားနိုင်ရေး ဒီစည်းမျဉ်းသစ်ကို စတင်ရမယ်လို့ အမှုဆောင်ချုပ် ရစ်ချက်အာနိုး၊ ဘောလုံးဒါရိုက်တာ ဂျွန်မက်တော့နဲ့ မန်နေဂျာ တန်ဟက်တို့က ဆန္ဒရှိနေပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် မအောင်မြင်ခြင်းနဲ့အတူ စီနီယာ ကစားသမားတွေဖြစ်တဲ့ ဗာရန်း၊ မက်ဂွဲရား၊ ကက်စမဲရိုးနဲ့ ဖာနန်ဒက်စ်တို့ အားလုံးဟာ လုပ်ခ ပေါင် ၁၈၀၀၀၀ ကနေ ပေါင် ၂၀၀၀၀၀ ကြားမှာ ရရှိနေတာပါ။ ဒီဟန်ချက်ညီမှုကို ဆက်ထိန်းသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အိုင်ဒီယာက စူပါစတား တစ်ဦးကို အခြား အသင်းဖော်တွေထက် ချွန်ပြီး ပေါင် ၅ သိန်းပေးဖို့ထက် ကစားသမား အများအပြားကို တူညီတဲ့ လခ တစ်ရပ်မှာ ထိန်းထားဖို့ ဖြစ်ပါတယ်။ ပထမဆုံး သက်ရောက်မှာက ဒီဂီယာဖြစ်လာပါမယ်။

ဒီဂီယာဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲ ရနေသူဖြစ်ပေမယ့် စာချုပ်သစ် ကမ်းလှမ်းချိန်မှာ သူ့ရဲ့ လုပ်ခကို လျော့ချခံရဖို့ရှိကာ ပေါင် ၂ သိန်း ဝန်းကျင်လောက်ပဲ ကမ်းလှမ်းခံရတော့မှာပါ။

ကလပ်ရဲ့ ထောက်တိုင် ကစားသမားဖြစ်နေတဲ့ ရက်ဖိုဒ့်ဟာ စာချုပ် ၁၈ လပဲ ကျန်ရှိပေမယ့် သူ့ကို ကာလရှည် သက်တမ်းတိုးမယ်ဆိုရင်လည်း တူညီတဲ့ ပမာဏ တစ်ရပ်ဖြင့်ပဲ ကမ်းလှမ်းမှာဖြစ်ပါတယ်။ ရက်ဖိုဒ့်ကို ပီအက်စ်ဂျီဘက်က အလိုရှိနေပြီး မြင့်မားတဲ့ လုပ်ခပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အများဆုံး ပေးချေနေရတဲ့ အသင်း ဆိုတဲ့ အနေအထားကနေ လျော့ချနိုင်ဖို့ပါ ကြိုးစားမယ်လို့ သိရပါတယ်။