ဇန်နဝါရီမှာ ပေါင် သန်း ၁၄ဝ ကျော် သုံးပြီးပေမယ့် ချယ်ဆီးကတော့ မရပ်သေးဘဲ ပစ်မှတ်သစ်တွေ ဆက်ချိတ်နေပါပြီ

ချယ်ဆီး အသင်းဟာ ဒီ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘတ်ဒီရာရှီ၊ ဖိုဖာနာ၊ ဖီလစ်အပြင် မူဒရစ်ကို ရခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ် ပစ်မှတ်တွေအတွက် ဆက်လက် ကြိုးစားသွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

နွေအပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ် ကလပ်တွေထဲ အသုံးစရိတ် အမြင့်ဆုံး သုံးခဲ့တဲ့ ချယ်ဆီးဟာ ဇန်နဝါရီမှာ လည်း နောက်ထပ် ပေါင် သန်း ၁၄၀ ထိ သုံးစွဲထားပါပြီ။ ဈေးကွက် နှစ်ခု အတွင်းမှာတင်ကို လန်ဒန်ကလပ်ရဲ့ ပြောင်းရွှေ့ကြေး ထုတ်သုံးမှုက ပေါင် ၄၆၈ သန်းထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ယူကရိန်း တိုက်စစ်သမား မူဒရစ်ကို ပေါင် ၈၈ သန်းဖြင့် ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့တယ်။ ဒါပေမယ့်လို့ ချယ်ဆီးတို့ဟာ ဈေးကွက် မပိတ်သေးဘဲ ဘရိုက်တန်မှ ထရိုဇတ်နဲ့ ကိုင်ဆီဒိုတို့ကို ဆက်ပြီး ချိတ်ဆက် သွားဦးမှာ ဖြစ်ပါတယ်။

ထရိုဇတ်ကို ခေါ်ယူဖို့အတွက် ချယ်ဆီးတို့ ငွေကြေး သိပ်သုံးရဖွယ် မရှိပေမယ့် သူ့ကို ခေါ်ယူရေး လန်ဒန်ပြိုင်ဘက် စပါးကလည်း စိတ်ဝင်စားနေပါတယ်။ ဘယ်ဂျီယံ တိုက်စစ်သမားအတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးဖို့ ဘရိုက်တန်ဘက်က တံခါးဖွင့်ပေးထားပါတယ်။

ဒါပေမယ့် ကိုင်ဆီဒိုကို ဇန်နဝါရီမှာ ရဖို့ကတော့ ခက်ခဲမှာပါ။ ဘရိုက်တန်က သူတို့ရဲ့ အနေအထားကောင်းကို ထိန်းသိမ်းနိုင်ရေး ကွင်းလယ်လူကို ရာသီကုန်မှ ထွက်ခွင့်ပေးဖို့ ပြင်ဆင်ထားကာ ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

ချယ်ဆီး အသင်းမှာ ကာလရှည် ဒဏ်ရာတွေကြောင့် မကြာခဏ အနားယူနေရတဲ့ ကန်တေရဲ့ နေရာမှာ ကိုင်ဆီဒိုဟာ သင့်လျော်တဲ့ အစားထိုးမှုလို့ အနောက်လန်ဒန်ကလပ်ဘက်က မြင်ထားတာပဲ ဖြစ်ပါတယ်။