ဘောလုံး သေချာ ကစားချင်တဲ့သူတွေပဲ အသင်းမှာ ကျန်လို့ ကျေနပ်ကြောင်း ယူနိုက်တက် ဂိုးသမား ဒီဂီယာ ဖွင့်ဟ

နိုင်ပွဲတွေ ဆက်တိုက် ရယူပြီး မန်ချက်စတာ ယူနိုက်တက် အရှိန်ကောင်း ရနေတဲ့ အပေါ် ဂိုးသမား ဒီဂီယာက ကျေနပ် ဝမ်းမြောက်နေပါတယ်။

ယူနိုက်တက်မှာ ရော်နယ်ဒို ထွက်ခွာသွားပြီးတည်းက ကစားသမား တစ်ဦးချင်း ပြသနာမျိုး ထပ်မံ မထွက်ပေါ်လာသလို ဘောလုံးကို အာရုံစိုက် ကစားသူ၊ နည်းပြ စကား လိုက်နာသူတွေ ကျန်ရစ်တာကလည်း အားသာချက် ဖြစ်လာခဲ့ဟန် ရှိပါတယ်။

ဒီဂီယာကလည်း ဒီအချက်ကို ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရတဲ့ ပွဲ အပြီးမှာ ဖွင့်ဟ ပြောဆိုလာတာပါ။

“ အဆုံးသတ်အထိ ပွဲက ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ခက်ခက်ခဲ တိုက်ပွဲဝင်ပြီးမှ အနိုင်ရခဲ့တာက ကျေနပ်စရာ ကောင်းပါတယ်။ အနိုင်ရတဲ့အခါ ခံစားချက်က ပိုတောင် ကောင်းမွန်သွားတယ်။

အသင်းသားတိုင်းဆီက ညီညွတ်မှုကို မြင်ရတာ သိပ်ကောင်းပါတယ်။ အကုန်လုံးက အဆုံးထိ တိုက်ပွဲဝင်သွားတယ်။ အရန်ခုံက ကစားသမားတိုင်းကလည်း အခွင့်ရတာနဲ့ ကောင်းကောင်း ကစားဖို့ အသင့်ပြင်ထားကြတယ်။ အသင်းလိုက် ကစားပုံကောင်းနေတာကို ကြည့်ရတာ ပျော်စရာပါ။

အခုဆို အသင်းမှာ အားလုံး ပြည့်စုံပြီလို့ ကျနော် ထင်တယ်။ နည်းပြကောင်းရယ်၊ အတွေ့အကြုံတွေ ယူလာပေးတဲ့ ကစားသမားကောင်းတွေရယ် ရှိနေတယ်။ ဘောလုံးကို လိုချင်တဲ့သူ (လိုက်ဆယ်တဲ့သူ)၊ ဘောလုံးနဲ့ အတူ သေချာ ကစားချင်တဲ့သူတွေ ရှိနေတယ်။ ဒီလို အရာတွေ ပေါင်းစပ်လိုက်တော့ အသင်းက ပြည့်စုံသွားတယ်။ ”လို့ ဒီဂီယာက ဆိုပါတယ်။

ယူနိုက်တက်ဟာ ဘရူနို ဖာနန်ဒက်စ်နဲ့ မားကပ်ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့ ပဲလေ့စ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ အနာအဆာတစ်ခုကတော့ အသင်းရဲ့ အရေးပါဆုံး ကစားသမားဖြစ်တဲ့ ကာဆီမီရို မိနစ် ၇၀မှာ ထုတ်ပယ် ခံခဲ့ရတာပါ။