လက်စတာကို နိုင်ပြီးနောက် ဥရောပ ထိပ်သီး လိဂ် ၅ခုမှာပါ ရှေ့ဆုံးရောက်လာတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ကတော့ တနင်္ဂနွေနေ့ည အိုးထရက်ဖိုဒ့်မှာ လက်စတာ အသင်းကို ဧည့်ခံ ကစားရာ ရက်ဖိုဒ့်ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဆန်ချိုရဲ့ သွင်းဂိုးတို့ဖြင့် ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်ဟာ နည်းပြတန်ဟက် လက်အောက် ဟန်ချက်ညီညီ တိုးတက်လာနေပြီး မယုံနိုင်စရာ မှတ်တမ်း ကောင်းတွေလည်း ရရှိနေပါတယ်။

ယူနိုက်တက်ဟာ ကမ္ဘာ့ဖလား အပြီး လိဂ် ပွဲတွေ ပြန်စတည်းက ၁ဝ ပွဲ ကစား ၂၃ မှတ် ရထားကာ ပရီးမီးယားလိဂ်မှာ အခြားအသင်းတွေထက် အမှတ် အများဆုံး ရယူနိုင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဥရောပ ထိပ်သီး လိဂ်ကြီး ၅ ခုထဲမှာ နိုင်ပွဲ အများဆုံး ရထားတဲ့ အသင်းလည်း ဖြစ်လာပါတယ်။ ယူနိုက်တက်က ဒီရာသီ ၂၇ ပွဲထိ နိုင်ထားပြီး ပြီးခဲ့တဲ့ရာသီက ဆိုရင် ပွဲ ၂ဝသာ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီည လက်စတာနဲ့ ပွဲမှာ အဖွင့်ဂိုးကတော့ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ရက်ဖိုဒ့်က လူကျွံကို ဖောက်ထွက်ပြီး အကောင်းဆုံး အဆုံးသတ်ခဲ့တာပါ။ အင်္ဂလန်တိုက်စစ်မှူးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်နေပြီး ရပ်တန့် မရနိုင်အောင်ကို ပွဲတိုင်း ဂိုးတွေ သွင်းယူနေတာပါ။

ရက်ဖို့ဒ် အပြင် ယူနိုက်တက် ကစားသမား အများအပြားက ခြေစွမ်းကောင်းခဲ့ကြပါတယ်။ တစ်ဦးချင်း ကောင်းမွန်မှုတွေ စုစည်းနိုင်ခဲ့တာကလည်း အခုလို အသင်းလိုက် ခြေစွမ်းကောင်း ရလဒ်ကောင်း ထွက်ပေါ်လာဖို့ အဓိက ကျခဲ့ပါလိမ့်မယ်။

ဖာနန်ဒက်စ်ကလည်း တောင်ပံမှာ တောက်ပခဲ့သလို ဆန်ချို၊ ရက်ဖိုဒ့်တို့ကလည်း သူတို့ နေရာတွေက တာဝန်ကျေခဲ့ကြတယ်။

ဒုတိယပိုင်းအတွင်း ရက်ဖိုဒ့်ရဲ့ ဘက်ခြမ်းကနေ လျှင်မြန်တဲ့ အရှိန်ဖြင့် ပြေးထွက်သွားမှုက ယူနိုက်တက်တို့ကို ဒုတိယ ဦးဆောင်ဂိုး ရစေခဲ့တယ်။ အဆိုပါဂိုးဟာ ဒီရာသီအတွက် ရက်ဖိုဒ့်ရဲ့ ၂၄ ဂိုး မြောက် သွင်းဂိုးဖြစ်ပြီး ချယ်ဆီးရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၂၃ ဂိုးထက်တောင် ၁ ဂိုး ပိုများခဲ့ပါပြီ။

ထပ်ပြီး ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့ရဲ့ ညာခြမ်းက ကောင်းမွန်တဲ့ တွဲလုံးက တဆင့် ဆန်ချိုက ထိချက် ကောင်းကောင်းဖြင့် အဆုံးသတ်ခဲ့ပါသေးတယ်။ နောက်ထပ် အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးထပ်မရတော့ဘဲ ၃-၀ ဖြင့် ပွဲပြီးခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်ဟာ ဒုတိယနေရာက မန်စီးတီးနောက် ၃ မှတ်အကွာ၊ ဇယားထိပ်က အာဆင်နယ်နောက် ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။