ဂါဘရီရယ် မာတင်နယ်လီဟာ အာဆင်နယ် အသင်းရဲ့ ပဲလေ့စ်ကို ၄-၁ နဲ့ နိုင်တဲ့ပွဲမှာ အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဒီရာသီ သူ့သွင်းဂိုး ၁၃ ဂိုးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
နောက်ထပ် ၃ဂိုးသာ သွင်းနိုင်မယ် ဆိုရင် ပရီးမီးယားလိဂ်မှာ ဘရာဇီးသား တစ်ဦးရဲ့ တစ်ရာသီ သွင်းဂိုး အများဆုံး စံချိန်ကို မာတင်နယ်လီက ရယူနိုင်တော့မှာပါ။ လက်ရှိ စံချိန်ကတော့ လီဗာပူး တိုက်စစ်မှုး ဖာမီနိုရဲ့ ၁၅ ဂိုး ဖြစ်ပါတယ်။
ဂျေးဆု အနေနဲ့ လက်ရှိ အာဆင်နယ် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ပြန်ရဖို့ ဆိုရင် စိတ်ရှည်ဖို့ လိုကြောင်း ဂန်းနားဟောင်းကြီး ပေါမာဆန်က သတိပေးလိုက်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ကိုင်ဆီဒို အတွက် ကမ်းလှမ်းမှုဟာ ကစားသမား တကယ့် တန်ကြေးရဲ့ တဝက်ပဲ ရှိတယ် လို့ ဘရိုက်တန် အမှုဆောင် တစ်ဦး ဖြစ်တဲ့ ပေါလ် ဘာဘာက ပြောဆိုလိုက်ပါတယ်။
အီကွေဒေါ ကွင်းလယ် ကစားသမား အတွက် အာဆင်နယ်က ပေါင် သန်း ၇ဝ ထိ ပေးကာ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် ဘရိုက်တန်က ပယ်ချခဲ့တာပါ။ သူတို့ရဲ့ အကောင်းဆုံး ကစားသမား ကို ရာသီဝက်မှာ လက်လွှတ်ဖို့ ဘရိုက်တန်က မလိုလားခဲ့ပါဘူး။

ဒီနွေမှာ မေဂျာလိဂ် အောစတား အသင်းက ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ အာဆင်နယ် အသင်းကို ရွေးချယ်ထားကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
မေဂျာလိဂ်က ဥရောပ ထိပ်သီး အသင်းတွေကို ဖိတ်ခေါ် ခြေစမ်းလေ့ ရှိပြီး ဒီတလော နှစ်တွေ အတွင်း ချယ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားပြီး ဖြစ်ပါတယ်။
အာဆင်နယ် အသင်းမှာ အဓိက ဇာတ်လိုက် ဆိုတဲ့ ကစားသမား မျိုး မရှိဘဲ အားလုံး အတူတကွ ရုန်းနေကြတာ ဖြစ်ကြောင်း တိုက်စစ်မှုး ဂျေးဆုက ဆိုခဲ့ပါတယ်။
