အဓိက တိုက်စစ်ပစ်မှတ် အိုဆီမန် ကို ခေါ်ယူရေးမှာ ယူနိုက်တက်ကို အသာရဖို့ ချယ်ဆီး လက်ဦးမှုယူ ပြင်ဆင်

ချယ်ဆီးအသင်းဟာ နာပိုလီ တိုက်စစ်မှုး ဗစ်တာ အိုဆီမန်ကို နွေမှာ အရ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကလည်း အိုဆီမန်ကို အပြိုင် ချိတ်ဆက်နေတာပါ။

နွေမှာ အမေရိကန်သား တိုက်စစ်သမား ပူလီဆစ်ကိုလည်း ချယ်ဆီးက ရှင်းထုတ်လိုတာကြောင့် ၎င်းကို အလိုက်ပေးပြီး အိုဆီမန် ကို ခေါ်ယူရေး ချယ်ဆီးက ပြင်ဆင်လာပါတယ်။

အိုဆီမန်ဟာ စီးရီးအေမှာ ဖန်တီးမှု ၅ကြိမ်လည်း ရရှိထားပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် နာပိုလီ အတွက် ဥရောပ၅ပွဲမှာ ၄ဂိုး သွင်းယူထားပါသေးတယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စီးရီးအေ ဦးဆောင်သူတွေအနေနဲ့ ဒီကမ်းလှမ်းမှုကို လက်ခံမှာလားဆိုတာ သေချာ မသိရသေးပေမယ့် ပူလီဆစ် အတွက် လက်ရှိ ချယ်ဆီးမှာထက် နာပိုလီမှာ ကစားချိန်ပိုရမယ့် အလားအလာက ကစားသမား အတွက် စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်နေတာပါ။

နည်းပြဂရေဟမ်ပေါ်တာရဲ့ အနာဂတ်ကို ကလပ်အကြီးအကဲတွေဘက်က အာမခံချက် ပေးထားတာကြောင့် လာမယ့်ရာသီအတွက် ကစားသမားသစ်တွေ ခေါ်ယူမှု ဗျူဟာ အစီအစဉ်ကို သတ်မှတ် ထားပြီးတဲ့ပုံပါ။ ချယ်ဆီးဟာ ဇန်နဝါရီမှာ ဒေါ်လာ ၃၉၄ သန်းဖို့ သုံးထားပြီးပြီဖြစ်ပေမယ့် နွေမှာတော့ အင်အားဖြည့်မှုတွေ ထပ်ရှိဖွယ် ရှိနေပါတယ်။

ချယ်ဆီးတစ်သင်းတည်း သုံးထားတဲ့ပမာဏဟာ ဆောင်းရာသီဈေးကွက်အတွင်း ကျန်တဲ့ လိဂ်လေးခုက အသင်းတွေစုစုပေါင်း သုံးထားတဲ့ ပမာဏထက် ပိုမိုများပြားနေတာပါ။

အသင်းပိုင်ရှင် တော့ဒ်ဘိုးလီဟာ ချယ်ဆီးတို့ ချန်ပီယံလိဂ်ကို ပြန်လာဖို့ ငွေထပ်သုံးလိုပေမယ့် ဘဏ္ဍာရေး စည်းမျဉ်းအရ ကစားသမား ရှင်းထုတ်မှုတွေကို လုပ်ရပါလိမ့်မယ်။

အိုဆီမန်ရဲ့ တန်ကြေးကတော့ ယူရို သန်း ၇၀-၁၀၀ ဝန်းကျင် ရှိနေပါတယ်။ အသက်၂၄ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ စီးရီးအေ ၂၃ပွဲမှာ ၂၁ဂိုး သွင်းယူပေးထားသလို နာပိုလီအသင်းကလည်း ၁၉မှတ် အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေတာပါ။

အိုဆီမန်ကို အေစီမီလန်နဲ့ ဂျူဗင်တပ်တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး ပီအိုလီနဲ့ အယ်လီဂရီတို့ရဲ့ နွေရာသီ ပစ်မှတ်စာရင်းထဲမှာ အိုဆီမန် ပါဝင်နေတာ ဖြစ်ပါတယ်။