အိုဆီမန် အတွက် သတ်မှတ်ဈေးထက် တစ်ပြားလျော့ရင်တောင် လာမဆွေးနွေးနဲ့ လို့ နာပိုလီ ဈေးကိုင်ပြီ

နာပိုလီ အသင်းကတော့ အားထားရတဲ့ တိုက်စစ်မှုး အိုဆီမန် အတွက် သူတို့ သတ်မှတ်ထားတဲ့ တန်ကြေးလောက်မှ မကမ်းလှမ်းရင် မစဉ်းစားဘူးလို့ လေသံပစ်လာပါတယ်။

အီတလီက သတင်းတွေအရ နာပိုလီဟာ အိုဆီမန် အတွက် ယူရို သန်း ၁၅ဝ (ပေါင် ၁၃၂ သန်း) နဲ့မှ လက်ခံစဉ်းစားပေးမယ်လို့ သိရပါတယ်။ ၎င်းကို မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့က အပြိုင် စိတ်ဝင်စားနေတာပါ။

ယူနိုက်တက်က ရာသီကုန်မှာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ဖို့ ဦးစားပေး သတ်မှတ်ထားပြီး အိုဆီမန်နဲ့ ဟယ်ရီ ကိန်းကို အဓိက ပစ်မှတ်ထားနေတာပါ။

နိုင်ဂျျီးရီးယား တိုက်စစ်မှုး အိုဆီမန်က နာပိုလီအသင်းမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသနေပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် နာပိုလီအသင်းအတွက် ဒီရာသီ ၂၉ ပွဲ ကစား၊ ၂၅ ဂိုး သွင်းယူပေးထားပါတယ်။

အသက် ၂၄ နှစ် အရွယ်မှာ ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ဥရောပ ထိပ်သီးကလပ်တွေ မျက်စိကျခံနေရပြီး အိုဆီမန်ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့နိုင်ခြေကို ငြင်းပယ်ခြင်း မရှိပါဘူး။

နာပိုလီ ဥက္ကဌ ဒီလော်ရီယန်တစ်စ်နဲ့ အားကစား ဒါရိုက်တာ ခရစ္စတီယာနို ဂူအန်တိုလီ တို့ကတော့ အိုဆီမန် ကို ယူရို သန်း ၁၅ဝ ထက် တစ်ပြားလျော့ရင်တောင် မရောင်းဘူးလို့ အခိုင်အမာ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

နာပိုလီ အသင်း အကြီးအကဲတွေဟာ သူတို့ ဆိုဈေးမှ မဟုတ်ရင် အပြောင်းအရွှေ့ အတွက် လက်ခံ ဆွေးနွေးမှုတောင် ပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နာပိုလီဟာ ဘဏ္ဍာရေး အရ အကြပ်အတည်း မရှိတာကြောင့် ငွေရဖို့ အလျင် လိုနေတာ မဟုတ်ဘဲ စိတ်ကြိုက် ဈေးကိုင်ခွင့် ရှိနေပါတယ်။