ပရီးမီးယားလိဂ် ချန်ပီယံနဲ့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်မယ့် အသင်းတွေကို ခန့်မှန်းလိုက်တဲ့ ကက်စ်ကာရီနို

ပရီးမီးယားလိဂ် ရာသီသိမ်းကာလကို ရောက်ဖို့ စတင်လာတော့မှာ ဖြစ်ပြီး ဇယားထိပ်ပိုင်းရော အောက်ပိုင်းအတွက်ပါ ကစားဖို့ ၁၀ ပွဲ ဝန်းကျင်ခန့်တာ ကျန်ပါတော့တယ်။

ချယ်ဆီး ကစားသမားဟောင်းကြီး တိုနီ ကက်စ်ကာရီနို က ချန်ပီယံ လုပွဲ၊ ထိပ်ဆုံးလေးသင်းပြိုင်ပွဲနဲ့ တန်းဆင်းဇုန် တိုက်ပွဲတွေအတွက် သူ့ရဲ့ ခန့်မှန်းချက်တွေကို ပြောပြခဲ့ပါတယ်။

ချန်ပီယံ ဘယ်အသင်း ဖြစ်သွားနိုင်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး ကက်စ်ကာရီနို က – “ကျွန်တော်ကတော့ အာဆင်နယ်ကိုပဲ ထောက်ခံပါတယ်။ သူတို့ရဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အသင်း ပရိသတ်တွေ အားလုံးက ဒီချဉ်းကပ်မှုမှာ အာရုံ အပြည့်အဝရှိတယ်။ ယုံကြည်မှုရှိကြပါတယ်။

စီးတီးဟာ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲ အပါအဝင် လက်ကျန်ပွဲတွေကို အနိုင်ရနိုင်မယ်လို့ ယူဆရပေမယ့် သူတို့ဟာ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေ ဖလားကို အာရုံစိုက်ရဦးမှာမလို့ ဗျာများနေရမှာပါ။ အာဆင်နယ်ကတော့ လိဂ်တစ်ခုထဲပဲ အာရုံစိုက်စရာ ရှိပါတယ် ” လို့ ဆိုပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား ဖြတ်ထားတာဖြစ်လို့ အဆင့်လေးအတွင်း လက်ကျန် ၂နေရာအတွက်ကို ယူနိုက်တက်၊ စပါး၊ နယူးကာဆယ်၊ လီဗာပူး၊ ဘရိုက်တန်တို့ အပြိုင်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အာဆင်နယ်၊ မန်စီးတီးနဲ့အတူ ထိပ်ဆုံး ၄ နေရာ ဝင်မယ့် အခြားသော ၂ သင်းကို ကက်စ်ကာရီနိုက ခန့်မှန်းရာမှာ “ မန်ယူနိုက်တက်ကတော့ ဆိုးဆိုးရွားရွား ကစားနေချိန်မှာတောင် အနိုင်ရမယ့်နည်းလမ်းကို ရှာတွေ့ခဲ့တာကြောင့် ထိပ်ဆုံးလေးသင်းထဲ ဝင်သင့်ပါတယ်။

လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ရသွားမှာ နယူးကာဆယ်လို့ ထင်ပါတယ်။ သူတို့ အကျပိုင်းကို ကြုံခဲ့ရပြီးတော့ အဆုံးသတ်မှာတော့ တောင့်တောင့်တင်းတင်း ပြန်ဖြစ်သွားမယ်လို့ ထင်ပါတယ်။

စပါးကတော့ အဆင့်လေးနေရာရဖို့ လုံလောက်မှု မရှိပါဘူး။ လီဗာပူးကလဲ မန်စီးတီး၊ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ဆက်တိုက်ကစားပြီးရင် အဆင့်၄ ပြိုင်ပွဲကနေ ထွက်သွားရလောက်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ဇယားအောက်ခြေမှာတော့ အသင်း၉သင်းဟာ ၄မှတ်သာ ကွာပြီး အားလုံးမှာ ချန်ပီယံရှစ်ကို တန်းဆင်းရဖို့ အန္တရာယ်ရှိနေတာပါ။ တန်းဆင်းရမယ့် အသင်းတွေအဖြစ် ဆောက်သမ်တန်၊ ဘုန်းမောက်၊ ဖောရက်တို့ကို ကက်စ်ကာရီနိုက ရွေးထုတ်ခဲ့တာ ဖြစ်ပါတယ်။