လန်ဒန်အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်၊ ချယ်ဆီးနဲ့ စပါးအသင်းတို့ဟာ PSV ကွင်းလယ် ကစားသမား Ibrahima Sangare ကို အပြိုင် စိတ်ဝင်စားနေကြောင်း သတင်း ထွက်လာပါတယ်။
အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ အေးဂျင့်တွေက ပရီးမီးယားလိဂ် ကလပ်တချို့နဲ့ စကားပြောဆို ထားပြီး လာမယ့်နွေမှာ စာချုပ်ပါ ဖျက်သိမ်းကြေး ပေါင် ၃၂ သန်းလောက်နဲ့ အသင်းပြောင်းဖွယ် ရှိပါတယ်။
လီဗာပူးအသင်းဟာ နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ် ကစားသမား Per Schuurs ကို ပေါင် ၄၄ သန်းနဲ့ ခေါ်ယူဖို့ ရှိနေကြောင်း အီတလီ သတင်းဌာန Tuttosport က ဖော်ထုတ်လိုက်ပါတယ်။

အေဂျက်မှာ အဲရစ်တန်ဟက် ရဲ့ နည်းပြမှုနဲ့ အတူ တောက်ပလာတဲ့ Schuurs ဟာ လက်ရှိ တိုရီနိုး ကလပ်မှာ ကစားနေတာ ဖြစ်ပြီး အသက် ၂၃ နှစ် အရွယ် ကစားသမားကို မန်ချက်စတာ ယူနိုက်တက် ကလည်း စိတ်ဝင်စားဟန် ပြသထားပါတယ်။
ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာတဲ့ သောမတ်စ် တူချယ်ဟာ စတန်းဖို့ဘရစ်ချ်မှာ သူ လက်တွဲဖူးတဲ့ ချယ်ဆီးနဲ့ ပေါ်တူဂီ နည်းပြ အန်တိုနီ ဘယ်ရီ ကို ဘိုင်ယန် နည်းပြအဖွဲ့ထဲ ခေါ်ယူလိုနေပါတယ်။
လာမယ့်နွေမှာ မန်စီးတီးနဲ့ လီဗာပူးတို့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ် ကို မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားလာပါတယ်။ အသက် ၂၉ နှစ် အရွယ် ကစားသမားရဲ့ ချယ်ဆီးနဲ့ စာချုပ်က ၁ နှစ်သာ ကျန်ရှိပြီး သက်တမ်းတိုး ဆွေးနွေးမှုက ရပ်တန့်နေပါတယ်။
ဆောက်သမ်တန် ဗဟို နောက်ခံလူ မိုဟာမက် ဆာလီဆု ကို မန်ချက်စတာ ယူနိုက်တက်၊ အက်စတွန် ဗီလာနဲ့ လက်စတာ အသင်းတို့က စိတ်ဝင်စားနေတယ် လို့ Football Insider က ဆိုပါတယ်။ စိန့်တွေသာ တန်းဆင်းရရင် ၎င်းကို ပေါင် ၂၅ သန်းနဲ့ ရနိုင်ပါတယ်။
