ပရီးမီးယားလိဂ် အသင်း ၄သင်း ပစ်မှတ်ထားနေတဲ့ ဗီဂါကို ဘယ်လောက် ရရင် ရောင်းမလဲ ဆယ်တာဗီဂို ဥက္ကဌ ထုတ်ပြော

အသက် ၂၀ အရွယ် ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါကို ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီးနဲ့ လီဗာပူးတို့က ချိန်ရွယ်နေတာဖြစ်ပြီး နယူးကာဆယ်ကလည်း အလိုရှိနေပါတယ်။

အေးဂျင့် ပီနီ ဇာဟာဗီ တာဝန်ယူနေတဲ့ အဆိုပါ ကွင်းလယ်လူဟာ နွေမှာ ပရီးမီးယားလိဂ်ကလပ် တစ်သင်းထံ ရောက်မယ်လို့ သတင်းကြီးနေပါတယ်။

ဆယ်တာဗီဂို ဥက္ကဋ္ဌ ကားလိုစ့် မော်ရီနိုက စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင်း ပေးရင် ၎င်းတို့ ကွင်းလယ်လူ ဂါဘရီ ဗီဂါ ကို ဒီနွေမှာ ထွက်ခွာခွင့် ပြုမှာဖြစ်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

ဗီဂါ အတွက် သုံးရမယ့် စာချုပ်ပါကြေးကလည်း ပေါင် ၃၅ သန်း ဝန်းကျင်ဖြစ်ပြီး အတော်လေးကို ဈေး သက်သာနေတာပါ။ ယူနိုက်တက်ဟာ ဒီရာသီမှာတင် ဗီဂါကို အကဲဖြတ်ဖို့ ၆ ကြိမ်ထိ စပိန်မြေထံ ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။

မန်စီးတီးကလည်း ဂွမ်ဒိုဂန် နေရာ အစားထိုးဖို့ ဘယ်လင်ဟမ်အပြင် စပိန်သားလေးကိုပါ ချိန်ရွယ် နေတာ ဖြစ်ပြီး လီဗာပူးကလည်း သူတို့ရဲ့ ကွင်းလယ် လူစာရင်း ပြန်တည်ဆောက်ဖို့ရာမှာ ဗီဂါကို အရေးပါတဲ့ ပစ်မှတ်အဖြစ် မှတ်ယူထားတာပါ။

ဆဲတာဗီဂို ဥက္ကဋ္ဌ မော်ရီနိုက ” ကျနော်တို့ ဂါဘရီ (ဗီဂါ)ကို မထွက်သွားစေချင်ပါဘူး။ သူ့အတွက် လက်ခံရမယ့် ကမ်းလှမ်းမှုတွေကို ကျနော်တို့ သိပါတယ်။ ဒီ ပမာဏကို ရမယ်ဆိုရင် အသင်းမှာ သူ့ကို ဆက်ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ရွေးချယ်မှုကတော့ ကစားသမားဘက်က လုပ်ရမှာဖြစ်ပြီး ကျနော်တို့က ကမ်းလှမ်းမှုတွေကို လက်ခံမှာပါ။ ဒါပေမယ့် သူ့ကို အလိုရှိတဲ့ ကလပ်ဟာ ဇွန်မှာ ထွက်ခွာခွင့်ပါတဲ့ စာချုပ်ပါ ဖျက်သိမ်းကြေးကို ပေးရပါမယ် ” လို့ ဆိုထားတာ ဖြစ်ပါတယ်။

လက်တလောထိတော့ ဗီဂါ ကို ခေါ်ယူဖို့ ရေပန်းစားကလပ် မထွက်လာသေးပေမယ့် ယူနိုက်တက် ဒါမှမဟုတ် လီဗာပူးက အလေးအနက် ကြိုးစားသွားဖွယ် ရှိနေပါတယ်။