နာပိုလီ ကြယ်ပွင့် တိုက်စစ်မှုး ဗစ်တာ အိုဆီမန်က အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ အာဆင်ဝင်းဂါး ရှိစဉ်က ပြောဆိုဆွေးနွေးခဲ့ဖူးတယ် လို့ ဖွင့်ဟလာပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ပွဲကြီးတွေမှာ အဆုံးအဖြတ် ဖြစ်အောင် အစွမ်းပြနိုင်တဲ့ အာဆင်နယ်နဲ့ အင်္ဂလန် တိုက်စစ်သမားဆာကာ က လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမားထဲ တစ်ယောက် အဖြစ် ပါဝင်နေပြီ လို့ ချီးကျူးသွားခဲ့ပါတယ်။
ဆဲလ်တာဗီကို ကွင်းလယ် ကစားသမား ဂါဘရီ ဗီဂါ ကတော့ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း စပိန် ဒီပို့တီဗို့ သတင်းဌာနက ဖော်ပြလာပါတယ်။

ဗီဂါကို မန်စီးတီးနဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေပြီး နယူးကာဆယ် အသင်းက ဆိုရင် စာချုပ် ဖျက်သိမ်းကြေး ပေါင် ၃၃ သန်း ပေးဖို့ အသင့်ရှိနေပေမယ့် ကစားသမားက အာဆင်နယ်ကို ပို လိုလားနေတာပါ။
ဝက်စ်ဟမ်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ်ဟာ လာမယ့်နွေမှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူထားပြီ ဖြစ်ကြောင်း Football Insider က ဖော်ပြလာပါတယ်။
ဒါကြောင့် မန်ချက်စတာယူနိုက်တက်က ရိုက်စ်ကို လက်လျှော့ပြီး အခြား ပစ်မှတ်များ ရှာဖွေနေပြီလို့လည်း အဆိုပါ သတင်းက ဆိုပါတယ်။
ဘူကာယို ဆာကာ က အာဆင်နယ်နဲ့ သက်တမ်းတိုး စာချုပ်သစ် လက်မှတ်ထိုးလိုက်ရင် ပရီးမီးယားလိဂ် လုပ်ခ အမြင့်ဆုံး ကစားသမားတွေထဲ ပါဝင်လာမယ် လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။

အင်္ဂလန်သားဟာ တစ်နှစ် လုပ်ခ ပေါင် ၁၅ သန်း (တစ်ပတ် ပေါင် ၃သိန်း) လောက် ရရှိမှာ ဖြစ်ပြီး အာဆင်နယ် အသင်း သမိုင်းမှာ လုပ်ခလစာ အများဆုံးလည်း ဖြစ်လာမှာပါ။
အာဆင်နယ် အသင်းရဲ့ ထရိန်နင်မှာ လွှမ်းမိုးမှုကြီးတဲ့ ကစားသမားက ရေးစ် နယ်ဆန် ဖြစ်တယ် လို့ ဂန်းနားဟောင်း တစ်ဦး ဖြစ်တဲ့ အဲလက်စ် အိုင်ဝိုဘီ က ထုတ်ဖော် ပြောဆိုလာပါတယ်။
နယ်ဆန်ဟာ ပုံမှန် ပွဲကစားခွင့် ရသူ မဟုတ်ပေမယ့် ထရိန်နင်မှာ အပြည့်အဝ ကြိုးစားပြီး ဟာသတွေ အမြဲလုပ်ကာ အားလုံးကို ပျော်စေသူ လို့ အိုင်ဝိုဘီက ဆိုပါတယ်။
