လီဗာပူး ချိန်နေတဲ့ ကွင်းလယ်နဲ့ တောင်ပံ၊ ကဲဗက်လီဝင် ရဖို့ များနေတဲ့ ဂန်းနား၊ ချယ်ဆီး ရဖို့ မသေချာတဲ့ နည်းပြနဲ့ အပြောင်းအရွှေ့ သတင်းများ

လီဗာပူးအသင်းဟာ ချယ်ဆီး ကွင်းလယ် ကစားသမား ကော်နာ ဂလယ်ဟာ ကို နောက်ရာသီ အတွက် ခေါ်ယူလိုနေကြောင်း Independent သတင်းဌာနက ဖော်ပြလာပါတယ်။

ယာဂင်ကလော့ပ်က အသက် ၂၃ နှစ် အရွယ် ကစားသမားကို သူ့ကွင်းလယ်မှာ အင်အားဖြည့်လိုပြီး ချယ်ဆီးကလည်း ဘဏ္ဍာရေး စည်းမျဉ်းနဲ့ ကိုက်ညီဖို့ လာမယ့်နွေမှာ ကစားသမားတွေ ထုတ်ရောင်းဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့ တကယ် ဖြစ်လာမလား စောင့်ကြည့်ရဖွယ်ပါ။

လက်စတာစီးတီးဟာ သူတို့ ကစားသမားဟောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရား ကို နောက်ရာသီမှာ အငှားနဲ့ ခေါ်ယူလိုနေတယ်လို့ သတင်းထွက်လာပါတယ်။

ဂရေဟမ် ပေါ်တာ ထုတ်ပယ်ခံရရင် ဘိုင်ယန် နည်းပြဟောင်း နေဂဲစ်မန်း က ချယ်ဆီး နည်းပြ ဖြစ်လာမယ် ရေပန်းစားနေပေမယ့် ဂျာမန်သားဟာ နည်းပြလောကထဲ ချက်ချင်း ဝင်ရောက်ဖွယ် မရှိဘူးလို့ စကိုင်းစပေါ့ ဂျာမနီ သတင်းက ဆိုပါတယ်။

လီဗာပူးအသင်းဟာ အက်သလက်တစ် ဘီဘာအို အသင်းမှ တောင်ပံတိုက်စစ်သမား နီကို ဝီလီယံကို စိတ်ဝင်စားနေကြောင်း စပိန် AS သတင်းက ဖော်ပြလာပါတယ်။ အက်စတွန်ဗီလာကလည်း ၎င်းကို စောင့်ကြည့်နေပြီး ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၅ဝ ဖြစ်ပါတယ်။

အာဆင်နယ်က အဲဗာတန် တိုက်စစ်သမား ကဲလ်ဗက် လီဝင်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ အဲဗာတန် တန်းဆင်းရရင် ၎င်းကို ခေါ်ယူလိုတဲ့ ကလပ်တွေ များစွာ ရှိလာမှာ ဖြစ်ပြီး အာဆင်နယ်ကတော့ အရေးသာဖွယ် ရှိပါတယ်။

အာဆင်နယ်၊ မန်စီးတီးနဲ့ နယူးကာဆယ်တို့ အပြိုင် စိတ်ဝင်စားနေတဲ့ ဖာလန်း မန်ဒီကို ရီးရဲလ်မက်ဒရစ်က ဈေးချိုချိုနဲ့ ရောင်းချမှာ မဟုတ်ဘဲ အနည်းဆုံး ယူရို သန်း ၆ဝ ရရှိလိုနေတယ်လို့ သိရပါတယ်။

အဲဗာတန်အသင်းဟာ ဝုဗ်က အငှားခေါ်ထားတဲ့ ကော်နာ ကုတ်ဒီကို အပြီး ခေါ်ယူရမလား ဆိုတာ မဆုံး ဖြတ်ရသေးဘဲ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ဖို့သာ အာရုံစိုက်နေတယ် လို့ ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။