အနာဂတ် မရေရာတဲ့ အာဆင်နယ် အသင်းသားတေထဲက ၄ ယောက်ထိန်း၊ ၂ ယောက် ရောင်းဖို့ အာတီတာ ဆုံးဖြတ်

အာဆင်နယ်အသင်းမှာ နောက်ရာသီ ဆက်ရှိမလား အနာဂတ် မရေရာ ဖြစ်နေတဲ့ ကစားသမား ၆ ဦးထဲက ဘယ်သူတွေကို ရောင်း၊ ဘယ်သူတွေကို ဆက်ထိန်းထားမလဲ ဆိုတာ နည်းပြ အာတီတာက ဆုံးဖြတ်လိုက်ပြီ လို့ အင်္ဂလန် သတင်းတွေ အဆိုအရ သိရပါတယ်။

နည်းပြ အာတီတာက စမစ် ရိုး၊ ဘာလိုဂန်၊ တီယာနေးနဲ့ ရော့ဘ် ဟိုးဒင်း တို့ကို နောက်ရာသီ အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီ လေးယောက်လုံးက နွေဈေးကွက်မှာ အသင်းပြောင်းရွှေ့ဖို့ ရေပန်းစားနေသူတွေပါ။

အထူးသဖြင့် ပြင်သစ်မှာ အငှား ကစားရင်း ခြေစွမ်းပြနေတဲ့ ဘာလိုဂန်က အသင်းသစ် ရှာဖွေသွားဖို့ များနေပါတယ်။ ဒါပေမယ့် အာတီတာကတော့ အသင်းမှာ ဒဏ်ရာနဲ့ ပွဲစဉ် အကြပ်အတည်းတွေ ရှိလာရင် လူအင်အား တောင့်တင်းစေလိုနေပါတယ်။

ဒါ့အပြင် နောက်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရမယ့် သူ့ အသင်း အတွက် လူအင်အား တောင့်တင်းဖို့ကိုလည်း အာတီတာက ထည့်သွင်း စဉ်းစားခဲ့တာပါ။

စမစ် ရိုးနဲ့ ဘာလိုဂန်တို့က သွင်းဂိုးတွေကို ကူညီပေးနိုင်သလို တီယာနေးနဲ့ ဟိုးဒင်းတို့ကလည်း ခံစစ်မှာ လိုအပ်ချိန် အကူအညီ ဖြစ်နိုင်နေဆဲပါ။

ဒါပေမယ့် အခြား နောက်ခံလူတွေ ဖြစ်ကြတဲ့ ဆီဒရစ် ဆောရက်စ်နဲ့ နူနို တာဗာရက်စ်ကိုတော့ ရောင်းချမယ်လို့ အာတီတာက ရည်ရွယ်ထားကြောင်း သိရပါတယ်။