မျက်စိမှိတ်ထားရင် စီးတီးပဲ လို့ ချီးကျူးမှု၊ ဘာစီ သွားချင်တဲ့ ပစ်မှတ်၊ ဆာလီဘာ၊ ဂါဘရီရယ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အသက် ၁၈ နှစ် အရွယ် ဘရာဇီး တိုက်စစ်သမားလေး Vitor Roque ဟာ ဂန်းနားတို့နဲ့ သေချာ ဆွေးနွေးရခြင်း မရှိသေးဘဲ ကစားသမားကတော့ ဘာစီလိုနာထံ ပြောင်းဖို့ ပို စိတ်အား ထက်သန်နေဆဲ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။

ဆာလီဘာ ပြန် ကစားနိုင်ပြီ ဖြစ်ပေမယ့် မန်စီးတီးနဲ့ ပွဲမှာ အာတီတာကတော့ အဆောတလျင် ထုတ်သုံးကာ မစွန့်စားလိုဘူးလို့ သိရပါတယ်။

ဝက်စ်ဟမ်း ကြယ်ပွင့် အန်တိုနီယို ကတော့ အာတီတာရဲ့ အာဆင်နယ် အသင်းကို သရေကျသွားတဲ့ ပွဲမှာ ဂန်းနားတို့ ခြေစွမ်းကို အံ့အားသင့်မိကြောင်း ချီးကျူးသွားပါတယ်။ အဲဒီပွဲမှာ သူသာ မျက်လုံးမှိတ် ကစားနေခဲ့ရင် မန်စီးတီး အသင်းနဲ့ ကစားနေခဲ့တယ်လို့ကို ထင်မှာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

အာဆင်နယ်က ရေးစ်နယ်ဆယ် ကို တစ်ပတ် လုပ်ခ ပေါင် ၃ သောင်းခွဲ ထိ တိုးပေးပြီး သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။ ကစားသမားက အာဆင်နယ်မှာ ဆက်နေလိုပေမယ့် ကမ်းလှမ်းမှုကို လက်မခံရသေးဘဲ ဆွေးနွေးဦးမယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ဆိုရင် ခြေစွမ်း တည်ငြိမ်ဖို့ သိပ် အရေးကြီးတယ်လို့ မန်စီးတီး ကြယ်ပွင့် လာပေါ့ထ် က ဆိုလိုက်ပြီး အာဆင်နယ်က စီးတီးနဲ့တွေ့တဲ့ပွဲမှာ ခြေချော်စေချင်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဝက်စ်ဟမ်းနဲ့ သရေပွဲမှာ ဂန်းနား နောက်ခံလူ ဂါဘရီရယ်ရဲ့ လုပ်ရပ်တွေက အလောတကြီး ဆန်ပြီး ရူးသွပ် မိုက်မဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်တတ်တဲ့ သူ လို့ သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ မညှာတမ်း ဝေဖန်သွားခဲ့ပါတယ်။