အာဆင်နယ်ရဲ့ မနေ့ညက ဆောက်သမ်တန်နဲ့ ပွဲက သရေကျခဲ့ပြန်တာကြောင့် ဂန်းနားတို့ သရေပွဲ ၃ ပွဲ ဆက်ထိ ရှိလာပြီ ဖြစ်ပါတယ်။ လက်ရှိ အချိန် အမှတ်ပေးဇယားကို အာဆင်နယ် ဦးဆောင်ထားပေမယ့် မန်စီးတီးနဲ့ ပွဲကို အနိုင် ကစားမှသာ ချန်ပီယံ အခွင့်အရေး ပြန် ပီပြင်လာတော့မှာပါ။
တိုက်စစ်မှုး ဂျေးဆု ကတော့ ပရီးမီးယားလိဂ်ဟာ မလွယ်ကူတာကြောင့် ဒီလို အချိန်မှာ အာဆင်နယ်က အချင်းချင်း အတူတကွ လက်တွဲ ရင်ဆိုင်သွားရမယ် လို့ မနေ့ညက ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။

ဒီနွေမှာ အာဆင်နယ်နဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ရေးစ် နယ်ဆန် ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ပရိသတ်တွေက တောင်းဆိုနေပါတယ်။
နယ်ဆန်ဟာ မနေ့ညက ဆောက်သမ်တန်နဲ့ ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြန်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပွဲထွက်ကနေ မပါဝင်ရသေးပေမယ့် ၃ဂိုးသွင်း ၂ဂိုး ထောက်ပံ့မှုလည်း ပြုလုပ်ထားပါတယ်။
ဂန်းနားဟောင်း သီယို ဝဲလ်ကော့ ကတော့ အာဆင်နယ် အသင်းဟာ ဖလားပြိုင်ဘက် မန်စီးတီးထက် အများကြီး သာလွန် ကောင်းမွန်တဲ့ အသင်း ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။
ဆောက်သမ်တန် ကစားသမား ဖြစ်နေတဲ့ ဝဲလ်ကော့ဟာ သောကြာနေ့ညကပွဲမှာ အာဆင်နယ်ဘက် ဂိုးသွင်းယူခဲ့ပေမယ့် အောင်ပွဲ မခံဘဲ လေးစားမှု ပြသခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီနောက်ပိုင်း ၃ ပွဲမှာ ပေးဂိုး ၇ ဂိုးထိ ရှိထားတာမို့ မန်စီးတီးက အာဆင်နယ်အသင်းရဲ့ ခံစစ်ဟာ ထိုးနှက်လို့ရနေတာကို ကောင်းကောင်းကြီး နားလည်သွားလောက်ပြီလို့ နဗီးက ထောက်ပြ သတိပေးခဲ့ပါတယ်။
အာဆင်နယ်နဲ့ မရင်ဆိုင်ခင် ဆင်တူမယ့် ပွဲအဖြစ် ဘုန်းမောက်နဲ့ ပွဲကို ကြည့်ပြီး သင်ယူကာ ကြိုတင် ပြင်ဆင်ခဲ့တယ်လို့ ဆောက်သမ်တန် နည်းပြက ဖွင့်ဟခဲ့ပါတယ်။
