မက်ဂွဲရားက စံနမူနာပြ၊ ဒီဂီယာကို ဆက်ထိန်းလိုတဲ့ တန်ဟက်၊ အမ်ဘာပေနဲ့ ယှဉ်ခံရတဲ့ လူငယ်လေးနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

ဒီအပတ် ဘရိုက်တန်နဲ့ ကန်မယ့် အက်ဖ်အေ ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ နည်းပြတန်ဟက်က မက်ဂွဲရားက အသင်းခေါင်းဆောင် ဖြစ်ပြီး အရေးကြီးသူ ဖြစ်ကြောင်း၊ အသင်းသားတွေကို လှုံ့ဆော်တွန်းအားပေးနိုင် သလို စံနမူနာပြ အနေနဲ့ ရှေ့က ဦးဆောင်နိုင်သူ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချို ဟာ မယုံနိုင်လောက်အောင် ထူးချွန်တဲ့ ခြေစွမ်းတန်းမှာ ရှိနေပြီး အမ်ဘာပေကိုတောင် သတိရမိစေတယ်လို့ ၁၉၇၈ ကမ္ဘာ့ချန်ပီယံ Mario Kempes က ချီးကျူးစကား ဆိုခဲ့ပါတယ်။

ဆီဗီလာ အသင်း မန်နေဂျာ မန်ဒီလီဘာကတော့ မန်ချက်စတာ ယူနိုက်တက်ကို ကြာသပတေးနေ့က လွယ်လွယ်ကြီးကို အနိုင်ယူနိုင်လိုက်တာ အတွက် အံ့သြမိကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက်က နွေမှာ တိုက်စစ်မှုးသစ် တစ်ဦး အချိန်ယူ ငွေသုံး ခေါ်ယူရမှာ ဖြစ်လို့ ဂိုးသမားသစ် ခေါ်ဖို့ အားမစိုက်လိုဘဲ ဒီဂီယာနဲ့သာ ဆက်ထိန်းထားလိုနေပါတယ်။ ယူနိုက်တက်ဟာ ဒီဂီယာ စာချုပ်သစ် သဘောမတူရင်တောင် နောက်ထပ် ၁၂ လ သက်တမ်းတိုး ထားနိုင်ပါတယ်။

တိုက်စစ်သမား အန်တိုနီကိုသာ ဝေဖန်နေကြပေမယ့် တကယ်တမ်းတော့ အန်တိုနီဟာ ၆ လ အတွင်း ဆန်ချို လုပ်တာထက် ပို လုပ်ပြနိုင်သူ ဖြစ်ပြီး အင်္ဂလန်သားထက် သာတယ်လို့ ကာရေဂါက ထောက်ပြခဲ့ပါတယ်။

ယူနိုက်တက်က ဘယ်နေရာတွေကို အင်အားဖြည့်တင်းဖို့ လိုသလဲ မေးခွန်းအပေါ် ဂယ်ရီနဗီးလ်က ” ဂိုး၊ ဗဟိုခံစစ်၊ ဗဟို တိုက်စစ်၊ ညာစွန်နောက်တန်း ” လို့ တွစ်တာမှာ တုန့်ပြန်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ အဆင့် ၃ နဲ့ ရာသီသိမ်းပြီး ကာရာဘောင်းဖလား တစ်လုံးသာ ရတယ် ဆိုရင်တောင် ဘာဖလားမှ မရဘဲ အာဆင်နယ် အဆင့် ၂ နဲ့ရာသီသိမ်းခဲ့ဖြစ်ရင် ဂန်းနားတွေထက် သာတယ် ဆိုနိုင်ကြောင်း ဖာဒီနန်က ပြောဆိုလိုက်ပါတယ်။