စီးတီးကို ဂိုးပြတ် ရှုံးခဲ့ရပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကို အာဆင်နယ်က လက်မလျှော့ပါဘူး

အာဆင်နယ် အသင်းဟာ မနေ့ညက မန်ချက်စတာ စီးတီးကို အီတီဟက်မှာ သွားရောက်ရင်ဆိုင် ကစားရာ ၄-၁ နဲ့ ရှုံးနိမ့်ပြီး ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်ကို အလဲထိုးခံလိုက်ရပါတယ်။

ပထမပိုင်း ပြီးတည်းက ဒီဘရိုင်း၊ စတုန်းတို့ ဂိုးတွေနဲ့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်း ၅၄ မိနစ်မှာ ဒီဘရိုင်း တတိယ ဂိုး သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ နလံမထူနိုင် ဖြစ်ခဲ့ပါတယ်။ ၈၆ မှာ ဟိုးဒင်း ချေပဂိုး တစ်ဂိုး ပြန်သွင်းပေမယ့် ဟာလန်း က ပွဲသိမ်း ဂိုး ထပ်သွင်းလိုက်တာကြောင့် ဂန်းနားတို့ ၄-၁ နဲ့ အပြတ် အသတ် ရှုံးသွားခဲ့တာပါ။

မန်စီးတီးဟာ အခုဆိုရင် ပွဲကျန် ၂ ပွဲ အကျန် အနေအထားမှာတင် အာဆင်နယ်နဲ့ ၂ မှတ် အကွာကို ရောက်လာခဲ့ပြီ ဖြစ်တာကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် အတော် မှေးမှိန်သွားခဲ့ပါပြီး အာဆင်နယ် နည်းပြ အာတီတာကတော့ ချန်ပီယံ လုပွဲဟာ မပြီးဆုံးသေးဘူးလို့ ဆိုလိုက်ပြီး လက်မလျှော့သေးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

” ဒီညကတော့ အတော် ခက်ခဲတဲ့ ညပါ။ ကျနေ်ာတို့ အရေးနိမ့်သွားပုံကလည်း ပိုဆိုးခဲ့တယ်၊ ဒါပေမယ် ကျနော်တို့ ပြန် မတ်တပ်ရပ်ရမှာပါ။ ပိုပြီး အရှည်ကို တွေးကြည့်ရမှာပါ။ ဒီလို အသင်းနဲ့ ခေါင်းစ ခြေဆုံး ကျနော်တို့ ယှဉ်နိုင်ခဲ့တယ်။ မျှမျှတတ ပြောရရင် ဒါ မယုံနိုင်လောက်စရာ အချက်ပါပဲ။

နောက်ပြီး ကျနေ်ာတို့ ယှဉ်ပြိုင်ချင်သေးတယ်။ လက်လျှော့ အရှုံးပေးလိုက်မှာ မဟုတ်ဘူး။ ဒီလိဂ်မှာ ကစားဖို့ ၅ ပွဲ ကျန်သေးတယ်၊ ဘာမဆို ဖြစ်လာနိုင်ပါသေးတယ်။

ကျနော် ဒီမှာ နှစ် ၂ဝ ကျော် ရှိလာတာဗျာ၊ ကိစ္စတွေ အများကြီး တွေ့ဖူး ကြုံဖူးတယ်။ ဒီတော့ ယုံကြည်ချက် ရှိနေဖို့ပဲ။ ဒီညက ခက်ခဲတယ်။ ဒါပေမယ့် ချွင်းချက်မရှိ ပြီးပြည့်စုံတဲ့ အသင်း တစ်သင်းကို ကျနော်တို့ ရှုံးခဲ့တယ် ဆိုတာ လက်ခံရမှာပဲ။ ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။