ကာစီမီရို ကို လိုချင်တဲ့ တူချယ်၊ ဘစ်ဆာကာနဲ့ လင်ဒီလော့ဖ် အနာဂတ်၊ လန်ဒန်လိုက်သွားတဲ့ ဘရူနိုနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ခံလူ လင်ဒီလော့ဖ်ကို ဆက်ထားမလား၊ ရောင်းမလား ဆိုတဲ့ အပေါ် လာမယ့် သီတင်းပတ်တွေ အတွင်း ဆုံးဖြတ်ချက် ချသွားဖို့ ရှိကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။

ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး ဂနာချိုဟာ ထရိန်နင် ပြန်ဆင်းနေပြီ ဖြစ်ပေမယ့် ဒီည တော့တင်ဟမ် စပါးနဲ့ ပွဲအတွက်တော့ အသင့် ဖြစ်ဦးမှာ မဟုတ်ကြောင်း နည်းပြ တန်ဟက်က အသိပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အားထားနေရတဲ့ ကွင်းလယ်ခံစစ်သမား ကာဆီမီရို ကို ဘိုင်ယန်မြူးနစ် နည်းပြ တူချယ်က နွေမှာ ခေါ်ယူဖို့ အလေးအနက် ပြင်ဆင်နေပါတယ်။

ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ စပါးနဲ့ ပွဲအတွက် ဒီမနက် လန်ဒန်သို့ ထွက်ခွာသွားတဲ့ ယူနိုက်တက် လူစာရင်းမှာ ပါဝင်သွားပါတယ်။

ဗြိတိန် သန်းကြွေးသဌေးကြီး Sir Jim Ratcliffe ရဲ့ ယူနိုက်တက်ကို ဝယ်ယူရေး နောက်ဆုံး ကမ်းလှမ်းမှုမှာ ဂလေဇာ မိသားစုကို ယူနိုက်တက်အသင်းအား ပိုင်ဆိုင်မှု အနည်းငယ် ချန်ထားပေးမယ်လို့ ထည့်သွင်းခဲ့ကြောင်း ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အစွန် ခံစစ်သမား ဝမ် ဘစ်ဆာကာရဲ့ ခြေစွမ်းကောင်းတွေ ပြန်မြင်လာရတာကြောင့် အင်္ဂလန်သားကို အသည်းအသန် ရောင်းချဖို့ ကြိုးစားတော့မှာ မဟုတ်ဘူး လို့ သိရပါတယ်။

ယူနိုက်တက် အပါအဝင် ထိပ်သီး ကလပ်တွေ စိတ်ဝင်စားနေတဲ့ ဖာဂူဆန်ကို ဘရိုက်တန်ဘက်က ၂၀၂၈ ခုနှစ်ထိ စာချုပ်ရှိမယ့် သက်တမ်းတိုးစာချုပ် ချုပ်လိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေဟာ အက်စတွန်ဗီလာနဲ့ ပွဲ မတိုင်ခင်မှာ အသင်းပိုင်ရှင် ဂလေဇာ မိသားစုကို ဆန္ဒပြမှာ ဖြစ်ကြောင်း ကြိုတင် အသိပေးထားပါတယ်။