ဒီဂီယာကို ကာကွယ်ခြင်း၊ ငြိုငြင်ခံနေရတဲ့ ရွန်းနီ၊ စာနာသူ မိုယက်စ်၊ အကောင်းမြင်ဆဲ နဗီးနဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ နောက်ရာသီမှာ မေဆန် ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပြီး အခြား ကလပ် ၂သင်းကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။

ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးပေးလိုက်ရတဲ့ အမှား ကျူးလွန်ခဲ့ပေမယ့် ယူနိုက်တက်က ဒီဂီယာ ကို သက်တမ်းတိုးဖို့ အလိုရှိ နေဆဲ ဖြစ်ပြီး နည်းပြတန်ဟက်က ဒီဂီယာ မှားတာမျိုးက ဖြစ်လေ့ဖြစ်ထရှိကြောင်း ကာကွယ် ပြောဆိုသွားပါတယ်။

ဘရူနို ဖာနန်ဒက်စ် က ဝက်စ်ဟမ်းကို ရှုံးတဲ့ ပွဲရလဒ်ဟာ အမှားလုပ်ခဲ့တဲ့ ဒီဂီယာ အပေါ်ပဲ ပြစ်တင်ဖို့ မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။ အသင်းက အဆုံးသတ် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့် ဒီလို ရလဒ် ထွက်ခဲ့တာ လို့ ပေါ်တူဂီသားက ဆိုပါတယ်။

နောက်ခံလူ ဟယ်ရီ မက်ဂွဲရားက မန်ချက်စတာ ယူနိုက်တက်နဲ့ သူ့ရဲ့ အနာဂတ် ပြီးဆုံးသွားပြီ ဆိုတာ လက်ခံပြီး နွေမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကြာသပတေးနေ့မှာ ဘရိုက်တန်ကို ကစားပြီး ၂ရက်သာ ခွာကာ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းကို ရင်ဆိုင်ရတာကြောင့် ကြပ်တည်းတဲ့ ပွဲစဉ်ဇယား အပေါ် စာနာမိကြောင်း ဒေးဗစ် မိုယက်စ်က ပြောဆိုခဲ့ပါတယ်။

ဒီကြားရက် ချန်ပီယံလိဂ် ပွဲမှာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အပြတ် ချေမှုန်းလိမ့်မယ်လို့ ရွန်းနီက သုံးသပ်စကား ဆိုလိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက အမျက်ထွက်နေကြပါတယ်။

ဂယ်ရီနဗီးလ်ကတော့ မန်ယူအသင်းရဲ့ ရှုံးပွဲရလဒ်ကနေ အသင်းသားတွေရဲ့ ခြေစွမ်းကို တန်ဟက် တစ်ယောက် ပကတိ အမှန်မြင်ပြီး ဘယ်ကစားသမားတွေကိုပဲ ဆက်ထိန်းမလဲ ဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်လို့ အကောင်းမြင်စရာပဲ လို့ ဝက်စ်ဟမ်းနဲ့ ပွဲ အပြီးမှာ မှတ်ချက်ပြုခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာ ယူနိုက်တက်မှာ ဆိုးရှားနဲ့ တန်ဟက် တို့ထက်တောင် ဆိုးဝါးစွာ လုပ်ဆောင်နေတယ် လို့ အစီအစဉ် သုံးသပ်သူ ရစ်ချက်ကီးစ်က ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။