လာချင်သူတွေ ဝိုင်းနေတဲ့ မန်ယူ၊ အသင်းကြီး ၃သင်း နဲ့ ဂိုးသမား မာတီနက်ဇ်၊ ဘာပေ ခေါ်ဦးမယ့် ရီးရဲလ်နဲ့ ထူးခြား အပြောင်းအရွှေ့သတင်းများ

အရည်အသွေး ရှိတဲ့ ကစားသမား တော်တော် များများက မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာချင်နေကြပြီး ဒီနွေမှာ ကစားသမားတွေ ခေါ်ဖို့ စည်းရုံးရတာ အတော် လွယ်ကူလာမှာ ဖြစ်ကြောင်း နည်းပြ တန်ဟက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူရေး ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပေမယ့် သူတို့ ခေါ်နိုင်မယ်လို့ အာဆင်နယ်တို့ ယုံကြည်ချက် ရှိနေပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေကြောင့် ရိုက်စ်တန်ကြေး မြင့်လာမှာကိုလည်း ဂန်းနားတို့ စိုးရိမ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဟမ်အပြင် အမ်ဘာပေကိုလည်း ဒီနွေမှာ ခေါ်ယူလိုနေပြီး ပြင်သစ်သားအတွက် ကမ္ဘာစံချိန်တင်ကြေး ပေးရမယ်ဆိုတာကို နားလည်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ တစ်နှစ် သက်တမ်းတိုးထားတာ ဖြစ်ပေမယ့် ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာ သီယေဂို ဆေးလ်ဗားသာ သူ့ငယ်ဘဝကလပ် ဖလူမိနိစ် အသင်းထံ နွေမှာ ပြောင်းချင်ရင် ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

စပါးဟာ ကွန်တီနေရာကို ဆက်ခံမယ့်သူအဖြစ် နာဂယ်စ်မန်းကို လိုချင်နေသလို ဒီနွေရာသီမှာ ဂျာမာန်သား နည်းပြ အတွက် အပြိုင်အဆိုင် ကလပ်တွေကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ အခုချိန်ထိတော့ စပါးနဲ့ နည်းပြကြားမှာ ဘာသဘောတူညီမှုမှ မရသေးပါဘူး။

ချယ်ဆီးနဲ့ မန်ဒီကြား နှစ်ဖက်သဘောတူညီမှုအရ ဆီနီဂေါသားဟာ ရာသီကုန်မှာ ထွက်ခွာနိုင်ဖွယ် ရှိနေပြီး လက်တလောမှာ ကလပ်ဘက်က နည်းပြသစ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်၊ ချယ်ဆီးနဲ့ စပါးတို့ဟာ ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ခေါ်ဖို့ စိတ်အားထက်သန်နေပါတယ်။ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေပေမယ့် သူ့စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး မပါတာကြောင့် ဗီလာအတွက် အသာစီးရနေတဲ့ အနေအထား ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာအသင်းဟာ စပို့တင်း လစ္စဘွန်းကြယ်ပွင့် အူဂါတီကို မျက်စိကျနေပါတယ်။ လီဗာပူးကလည်း အဆိုပါ ကွင်းလယ်လူကို စိတ်ဝင်စားပေမယ့် ဗီလာတို့ ပိုမို ရေပန်းစားလာနေပြီ ဖြစ်ပါတယ်။

လီဗာပူး၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ဟာ နွေရာသီမှာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူးဟာ သူ့အတွက် အသုံးစရိတ်ကြီး ထုတ်ဖို့ ပြင်ဆင်ထားပေမယ့် နယူးကာဆယ်က သူ့ကို လက်လွှတ်ဖို့ ဆန္ဒမရှိပါဘူး။

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် ဂျာရီယန် တင်ဘာဟာ စိတ်ပျက်စရာ ရာသီအပြီး အေဂျက်ကနေ ထွက်ခွာဖို့ အခွင့်အရေး ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

ပူလီဆစ်ဟာ အရေးပါတဲ့ ကစားသမား အဖြစ် ခံစားချက် ပြန်ရလိုနေတာမို့ ဒီနွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။