ဝယ်လက်ကို ဂလေဇာတို့ စိတ်ကြိုက် ရွေးပြီးတာတောင် ကာတာအုပ်စုက လက်မလျှော့လို့ ဇာတ်ကြောရှည်ဖွယ် ရှိနေ

မန်ချက်စတာ ယူနိုက်တက်ကို လက်လွှဲရောင်းချဖို့ ဗြိတိန်သူဌေး ဆာဂျင် ရတ်ကလစ်ဟာ ဂလေဇာမိသားစုအကြိုက် ကမ်းလှမ်းသူအဖြစ် ရွေးချယ်ခံထားရပေမယ့်လဲ ကာတာအဖွဲ့ကတော့ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ မျှော်လင့်ချက်တွေ မစွန့်လွှတ်ခဲ့ပါဘူး။

ကမ်းလှမ်းမှု အဆင့်၃ဆင့်နဲ့ သုံးလကြာ အချိန်ယူခဲ့ပြီးနောက်မှာ ရတ်ကလစ်နဲ့ သူ့ရဲ့ Ineos ကုမ္ပဏီဟာ ယူနိုက်တက်ကို ဝယ်ယူနိုင်တော့မယ့်သူတွေအဖြစ် ပေါ်ထွက်လာခဲ့ပေမယ့် အခုလောလောဆယ် သူတို့က အသင်းကို အပြည့်အဝ ဝယ်ဦးမှာ မဟုတ်ပါဘူး။

ဂလေဇာညီအကို၂ယောက်ဖြစ်တဲ့ ဂျိုဝယ်နဲ့ အေဗရမ်တို့က ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ဆက်ထိန်းထားဦးမှာဖြစ်ပြီး ဒီအချက်က အရောင်းအဝယ်ကို အဆုံးအဖြတ်ပေးခဲ့တာဖြစ်လောက်ပါတယ်။

တကယ်တမ်းမှာ ရှိတ်ဂျက်ဆင်း ဘင်ဟာမက်အယ်ထာနီရဲ့ ကမ်းလှမ်းငွေသက်သက်က ပိုများပြီး ပေါင် ၅ဘီလျံ ဝန်းကျင် ရှိခဲ့ပေမယ့် သူတို့က အသင်းကို အပြည့်အဝ ဝယ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရတ်ကလစ်ရဲ့ ရှယ်ယာအများစုဝယ်ဖို့ ကမ်းလှမ်းမှုက ကလပ်အတွက် ပေါင်၆ဘီလျံနီးပါး တန်ကြေးရှိသွားစေတာ ဖြစ်ပါတယ်။

ရတ်ကလစ်ရဲ့ ကမ်းလှမ်းမှုကို ပိုသဘောကျကြောင်း တရားဝင် အတည်ပြုပြီးရင် အရောင်းအဝယ်ကိစ္စ နောက်ဆုံး အသေးစိတ်တွေကို ဆွေးနွေးရနိုင်ပါတယ်။ ဒါပေမယ့် ရှိတ်ဂျက်ဆင်းနဲ့ သူ့ရဲ့ ကာကာအထောက်အပံ့တွေဟာ အရှုံးကို လွယ်လွယ်လက်ခံမှာမဟုတ်ပဲ ဂလေဇာတွေ ပြန်စဉ်းစားလို့ရအောင် နောက်ဆုံး ထပ်တိုးကမ်းလှမ်းမှု တစ်ခုနဲ့ တုံ့ပြန်နိုင်ဖွယ် ရှိပါတယ်။

သူတို့ရဲ့ကမ်းလှမ်းမှုအသစ်ဟာ ရတ်ကလစ်ဖ် ကတိပေးထားတဲ့ ပေါင် ၆ဘီလျံ နီးပါး ရှိဖို့ လိုအပ်မှာဖြစ်ပေမယ့် ဂျိုဝယ်နဲ့ အေဗရမ်ဘက်က သူတို့ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို စွန့်လွှတ်ချင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ညီအကိုလေးယောက်နဲ့မတူပဲ သူတို့နှစ်ယောက်ဟာ ကလပ်နဲ့ ထဲထဲဝင်ဝင် အပတ်သက်ဆုံးသူတွေဖြစ်ပြီး ကလပ်ကို ရောင်းချရမှာစိုးတာကြောင့် ရတ်ကလစ်ထံက ကမ်းလှမ်းမှုပို သဘောကျနေတာဖြစ်ပါတယ်။

ကာတာဘက်ကလဲ လက်မလျှော့ပဲ ဝယ်ယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး နောက်ဆုံးကမ်းလှမ်းမှုတွေအတွက် သတ်မှတ်ချိန် ကျော်သွားပြီဖြစ်ပေမယ့်လဲ နောက်ထပ် လှုပ်ရှားမှုကို ခွင့်ပြုထားပါသေးတယ်။

ဒီအရောင်းအဝယ်ကိစ္စကို ကိုင်တွယ်နေတဲ့ Raine Group ဟာ မနှစ်က ချယ်ဆီးအသင်းကို ရောင်းချပေးခဲ့တာ ဖြစ်ပြီး တော့ဒ်ဘိုးလီတို့ဘက်က လေလံအောင်သွားတာဖြစ်ပေမယ့် သူတို့မအောင်မြင်ခင်မှာ ချယ်ဆီးဘက်က ပိုသဘောကျတဲ့ ကမ်းလှမ်းသူအဖြစ် တခြားတယောက်ကို ရွေးထားခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒါကြောင့် ကာတာဘက်က ကမ်းလှမ်းမှုကို တိုးပေးပြီး ဂလေဇာတွေ ပြန်စဉ်းစားအောင် တွန်းအားပေးလို့ ရသေး ပေမယ့် တန်ကြေးကွာဟချက် ပေါင်၁ဘီလျံဆိုတာက အတော်လေး များပြားတဲ့ ပမာဏ ဖြစ်နေပါတယ်။

မတ်လမှာ Credit Suisse ရဲ့ ပြိုလဲမှုက ကာတာ ရင်းနှီးမြုပ်နှံရေးကို ဘီလျံနဲ့ချီအောင် ထိခိုက်စေခဲ့တဲ့နောက် ရှိတ်ဂျက်ဆင်းရဲ့ ကမ်းလှမ်းမှုမှာ နောက်ထပ် အဟန့်အတား ဖြစ်ခဲ့ရတာပါ။

ရတ်ကလစ်ဟာ ၃နှစ်အတွင်း ယူနိုက်တက်ကို အပြည့်အဝ ထိန်းချုပ်ခွင့်ရယူဖို့ ရှိပေမယ့် လက်ရှိ အသင်းထိန်းချုပ်မှု တည်ဆောက်ပုံအရ အိုးလ်ထရက်ဖို့ဒ်နဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို အဆင့်မြှင့်တင်ဖို့နဲ့ အပြောင်းအရွှေ့ အသုံးစရိတ်တွေ အများကြီးပိုပြီး သုံးစွဲနိုင်လာမှာ ဖြစ်ပါတယ်။