ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တိုင်း ကြောက်ရတဲ့ တိုက်စစ်မှူးကို ပေါင် ၁၇ သန်း မပေးလို့ ချယ်ဆီး လွဲခဲ့ရ

ချယ်ဆီး တစ်သင်းလုံးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ဂိုး အရေအတွက်ဟာ စီးတီးက ဟာလန်း တစ်ယောက်တည်းရဲ့ ဂိုး စုစုပေါင်းနဲ့ ကွက်တိတူပြီး ၃၆ ဂိုးစီ ဖြစ်နေပါတယ်။

လမ်းပတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ စံချိန်ပေါင်း များစွာ ချိုးဖျက်ခဲ့တဲ့ ဟာလန်းကို အတော်လေး အထင်ကြီးသူ ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက ချယ်ဆီးအတွက် သူခေါ်ပေးဖို့ ကြိုးစားခဲ့ဖူးတဲ့ ဟာလန်းရဲ့ သွင်းဂိုး အရေအတွက်နဲ့ ပတ်သက်ပြီး ချယ်ဆီးနည်းပြက မအံ့ဩနေတော့ပါဘူး။

“ သူ့ဆီက သိပ်ကောင်းတဲ့ ပရီးမီးယားလိဂ် တာထွက်တစ်ခုပဲ။ သူ့ကို ကျွန်တော် အရမ်းလေးစားမိတယ်။ ကျွန်တော် ချယ်ဆီးမှာ ပထမဆုံးအကြိမ် နည်းပြလုပ်ခဲ့တုန်းက သူ့ကို ခေါ်ဖို့ကြိုးစားခဲ့ပါတယ်။

သူ့ကို ချယ်ဆီးအတွက် တကယ်ပဲ လိုချင်ခဲ့တာပါ။ အဲ့ဒါက မဖြစ်မြောက်ခဲ့ပေမယ့် အဲ့ဒီ့အချိန်မှာကတည်းက သူ့ရဲ့ အဆင့်အတန်းက သိသာထင်ရှားနေခဲ့ပါတယ်။

ဆဲလ်ဘက်နဲ့ ရာသီကြိုပွဲတစ်ပွဲမှာ သူနဲ့ ကျွန်တော်တို့ ရင်ဆိုင်ကစားခဲ့ရတယ်။ သူက အရမ်းကောင်းခဲ့တာပါ။ အဲ့အတွက် ချီးကျူးပါတယ်။ အကောင်းဆုံးဖြစ်ချင်တဲ့ ဆာလောင်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ ကစားသမားတွေကို မြင်ရတာ ကျွန်တော် သဘောကျပါတယ် ” လို့ လမ်းပတ်က ဖွင့်ဟခဲ့တာပါ။

လမ်းပတ်ဟာ ဟာလန်းကို ခေါ်ဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် ချယ်ဆီး အကြီးအကဲတွေဟာ အဲ့ဒီ့တုန်းက နော်ဝေ တိုက်စစ်မှူးအတွက် ပေးရမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၇ သန်းကို ပေးဖို့ တွန့်ဆုတ်နေခဲ့တာဖြစ်တယ်လို့ အရိပ်အမြွက် ပြောပြခဲ့ပါတယ်။

“ ကျွန်တော် သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ကလပ်က လူတိုင်းကတော့ ဒီအပြောင်းအရွှေ့ကို ပြုလုပ်ဖို့ စိတ်ပါခဲ့လားဆိုတာ မသေချာပါဘူး။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်တာကြောင့် အပြိုင်အဆိုင်တွေက ကြီးမားခဲ့တယ်။

အဲ့ဒီ့အချိန်တုန်းက သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ကလပ်တာဝန်ရှိသူတွေကို စဉ်းစားစရာ ဖြစ်စေခဲ့တယ် ထင်ပါတယ်။ အပြောင်းအရွှေ့က ဘယ်လောက်နီးစပ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ ကျွန်တော် သေချာမသိပါဘူး ” လို့ လမ်းပတ်က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။